မန္တလေးတိုင်းဒေသကြီးအတွင်း တန်ဖိုးမျှတအိမ်ရာတိုက်ခန်းများ တည်ဆောက်၍ ဘဏ်ချေးငွေစနစ်ဖြင့်ရောင်းချနိုင်ရန် စီစဉ်နေသည်။
မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနသည် တိုင်းဒေသကြီးအတွင်း တန်ဖိုးမျှတအိမ်ရာတိုက်ခန်းများ အကောင်အထည်ဖော် တည်ဆောက်၍ ဘဏ်ချေးငွေစနစ်ဖြင့် ရောင်းချပေးနိုင်ရန် စီမံချက်များ ရေးဆွဲပြီး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောကြားသည်။
လက်ရှိတွင် အိမ်ရာဝယ်ယူရန်အတွက် ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID)တွင် ငွေစုဆောင်းထားသူ ၂၁၉၉ ဦးရှိပြီး ၎င်းတို့ အနက် ကျပ်သိန်း ၁၀၀ အထက် စုဆောင်းထားသူ ၃၉ ဦး၊ ၆၅ သိန်းနှင့် သိန်း ၁၀၀ ကြား စုဆောင်းထားသူ ၄၇ ဦး၊ ကျပ်သိန်း ၃၀ နှင့် ၆၅ သိန်းကြား စုဆောင်းထားသူ ၁၈၈ ဦးနှင့် ကျပ်သိန်း ၃၀ အောက် စုဆောင်းထားသူ ၁၉၂၅ ဦး ရှိနေကြောင်း သိရသည်။
''ကျွန်တော်တို့ ဌာနအနေနဲ့ တိုင်းဒေသကြီးအတွင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေ၊ အငြိမ်းစား တွေနဲ့ ဝင်ငွေနည်းပြည်သူတွေ နေရေးအဆင်ပြေစေဖို့ ဝန်ထမ်းအိမ်ရာတွေနဲ့ တန်ဖိုးမျှတအိမ်ရာတွေကို ကြိုး စားပြီး အကောင်အထည်ဖော် တည်ဆောက်ပေးလျက်ရှိပါတယ်။ မြို့ပြ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ကျူးကျော် ပြဿနာတွေ အဆင်ပြေစေဖို့ဆိုတာ အိမ်ရာကဏ္ဍကလည်း အရေးကြီးပါတယ်။ ပြည်သူတွေ ဝယ်ယူနိုင်စွမ်းရှိတဲ့ အိမ်ရာတွေကို ဘဏ်ချေးငွေနဲ့ အရစ်ကျဝယ်ယူနိုင်ဖို့ အရောင်းအိမ်ရာတွေ ထပ်မံတည်ဆောက်ပေးဖို့ စီစဉ်နေပါတယ်၊ လက်ရှိ CHID ဘဏ်မှာ အိမ်ရာဝယ်ယူဖို့ ငွေစုဆောင်းထား သူတွေအတွက် တန်ဖိုးမျှတအိမ်ရာတွေကို ဆောင်ရွက်ပေးဖို့ စီမံချက်တွေရေးဆွဲပြီး ကုန်ကျစရိတ်တွေလည်း တွက်ချက်ပြီးဖြစ်ပါတယ်၊ ဒါကြောင့် တည်ဆောက်ဖို့အတွက် လမ်းညွှန်မှု ခံယူနေပါတယ်''ဟု ညွှန်ကြားရေးမှူးက ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် မန္တလေးတိုင်းဒေသကြီး၌ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ ရပ်ကွက်၌ လေးခန်းတွဲ လေးထပ်ပါ တိုက်အလုံးရေ ၂၇ လုံး (အခန်းပေါင်း ၄၃၂ ခန်း) တည်ဆောက်ကာ တိုင်း ဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်း လုပ်သက် ၂၅ နှစ်ရှိသူများနှင့် အငြိမ်းစားဝန်ထမ်းများအား ၂၀၁၆ ခုနှစ် ဧပြီလတွင် ရောင်းချပေးခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်လည်း ၎င်းနေရာအနီး၌ပင် ရှစ်ခန်းတွဲ ငါးထပ်ပါ တိုက်အလုံးရေ ၂၀ (အခန်းပေါင်း ၈၀၀) ကို တည်ဆောက်ပေးခဲ့ပြီးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းများနှင့် ဝင်ငွေနည်း ပြည်သူများအား ၂၀၁၇ ဇန်နဝါရီလက ရောင်းချပေးခဲ့ကြောင်း သိရသည်။