ဧရာဝတီတိုင်းဒေသကြီးပုသိမ်ခရိုင်ငပုတောမြို့နယ် ငရုတ်ကောင်းမြို့နယ်ခွဲ နံ့သာပုကျေးရွာအုပ်စုတွင် ကမ်းလွန်ရေနံလုပ်ကွက်များအတွက် ကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်းကို ငွေကျပ် ၅၀ ဘီလီယံအကုန်အကျခံကာယခုနှစ်တွင်တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေးလုပ်ငန်းများအတွက် ဖွံ့ဖြိုးရေးအဆင့်နှင့် ထုတ်လုပ်ရေးအဆင့်တို့ဆောင်ရွက်ရာတွင်ယင်းလုပ်ငန်းများကိုပံ့ပိုးနိုင်သည့် Offshore Supply Base လိုအပ်သောကြောင့်အခြေစိုက်စခန်းများဆောင်ရွက်ရကြောင်းသိရသည်။
ယင်းစခန်းကြောင့်နိုင်ငံတော်အစိုးရ၊ ကမ်းလွန်ရေနံရှာဖွေတူးဖော်ရေးအော်ပရေတာကုမ္ပဏီကြီးများအနေဖြင့် အချိန်နှင့်ကုန်ကျစရိတ်များသက်သာစေမည်ဖြစ်ကြောင်းသိရသည်။
ယင်းကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်းကိုမြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC)ကရင်းနှီးမြုပ်နှံခွင့် ကာလနှစ် ၃၀ လုပ်ကိုင်ခွင့်ပြုထားပြီး စီမံကိန်း၏ပထမ ၁၀ နှစ်တာကာလအတွင်းနိုင်ငံတော်ကငွေကျပ် ၂၅ ဘီလီယံကျော်ရရှိနိုင်မည်ဟုမျှော်မှန်းထားသည်။
ကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်းတည်ဆောက်ရန်ဇွန်လမှ နိုဝင်ဘာလအတွင်းမြေနေရာရှင်းလင်းခြင်း များလုပ်ဆောင်သွားမည်ဖြစ်ပြီး ESIA အပါအဝင် Front End Engineering လုပ်ငန်းဆိုင်ရာများကိုလေ့လာ ဆန်းစစ်မှုပြုလုပ်မည်ဖြစ်ကာဒီဇင်ဘာလမှစတင်၍ ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ကာလများအလိုက်ဆောင်ရွက်သွားမည်ဖြစ်သည်။
ကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်းကို MPRL E & P Pte ကုမ္ပဏီ၏အဖွဲ့ဝင်ကုမ္ပဏီဖြစ်သည့် Myint & Associates Offshore Supply Base ကုမ္ပဏီပိုင်မြေဧက ၃၀ ပေါ်တွင်တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
Myawaddy newspaper