ဘဝသံသရာ တံတားတွင် အပန်းဖြေစခန်း တည်ဆောက်ရန် စီစဉ်နေ


12 December, 2020

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်လေးလုံး အတက်လမ်းရှိ ဘဝသံသရာတံတားတွင် အပန်းဖြေစခန်း တည်ဆောက်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့က စီစဉ်နေကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့နယ်၊ တောင်လေးလုံး အတက်လမ်းရှိ ဘဝသံသရာတံတား၏ စက်ဝိုင်းပတ် အလယ်တွင် အများပြည်သူ အပန်းဖြေစခန်းတစ်ခု တည်ဆောက်ရန် စီစဉ်နေကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လမ်းညွှန်ချက်အရ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (ရှမ်းပြည်နယ် အသင်းခွဲ (တောင်ကြီး) နှင့် အပန်းဖြေစခန်းဒီဇိုင်း ရေးဆွဲရေးအတွက် စီမံကိန်းနေရာကို Survey တိုင်းတာခဲ့ပြီး မြေပုံ ပုံထုတ်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစတင်ဆောင် ရွက်နိုင်ရန် ကော်မတီဖွဲ့စည်းထား ပြီး တည်ဆောက်မည့် ဒီဇိုင်း၊ ပုံစံများလည်း ထုတ်ထားပြီးဖြစ်ကာ၊ လက်ရှိတွင် တင်ဒါခေါ်ယူရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကမ္ဘောဇဘဏ်မှ ပံ့ပိုးမှုဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ဦးဆောင်ကာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“တောင်လေးလုံးနားက ဘဝ သံသရာတံတား အပန်းဖြေစခန်း တည်ဆောက်ဖို့ ပြင်ဆင်နေတယ်။ တင်ဒါခေါ်ယူဖို့ ဆောင်ရွက်နေ တယ်။ ရှမ်းပြည်နယ် စည်ပင်သာယာ ရေးဌာနနဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းတို့ ပူးပေါင်းပြီးတော့ ဆောင်ရွက်တာပါ။ အပန်းဖြေ စခန်းပုံစံ၊ အလယ်မှာ တည်ဆောက်သွားမယ်။ မှန်တံတားပုံစံလည်း တစ်စိတ်တစ်ပိုင်း ပါဝင်သွားမယ်” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးစိုင်းဝဏ္ဏညိုက ပြောကြားသည်။

တောင်လေးလုံး အတက်လမ်းရှိ ဘဝသံသရာတံတား အပေါ်စီး ရှုခင်းကို ခံစားနိုင်ရန် View Point ပုံစံ လုပ်သွားမည်ဖြစ်ကာ ပြည်ထောင်စုလမ်းမကြီး နံဘေးတွင် ကားပါကင်များဖြင့် တောင်ခြေရင်းတွင် ပန်းပွင့်သဖွယ် ပွင့်ချပ်ငါးချပ်ပါသော ဒီဇိုင်းအဆောက်အအုံဖြစ်ပြီး View Point လျှောက်လမ်းသည် ၃၈၆ ပေ၊ အဆင်းလမ်း ၁၅၀ ပေ၊ ယူ (U) ပုံစံပတ်လမ်းအတိုင်း လျှောက်လမ်းသည်  ၁၂၄၁ ပေ၊ ကားပါကင် ဝ.၇၆ ဧက ဖြစ်ပြီး မီးရထားလမ်းပတ်ထားသော အလယ်တည့်တည့်တွင် နားနေဆောင်နှင့် ဈေးဆိုင်ခန်းများ ပါဝင်မည် ဖြစ်ကာ ရှုရပ်မျှော်စင် လေးခု၊ နားနေဆောင် ငါးခု၊ ခုံးကျော်စင်္ကြံတစ်ခု၊ အများသုံးအိမ်သာနှင့် ရေချိုးခန်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
 
တောင်လေးလုံးရှိ ဘဝသံသရာ တံတားသည် ၁၉၂၇ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး၊ တံတားအမြင့် ၆၂ ပေ၊ တံတားအရှည်ပေ ၂၀၀ ရှည်ကြောင်း သိရသည်။

Region Read 194 times