တိုက်ခန်း ဝယ်သူတွေ မေးကြတဲ့ ဘီစီစီ (BCC) စာရွက်နှင့် ဆောက်လုပ်ခွင့် (ဘုတ်စိမ်း) ဆိုတာ


01 January, 2020

မြန်မာနိုင်ငံတွင်ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းနှင့်အတူ လူနေမှုအဆင့်အတန်းတွေ ပြောင်းလဲလာသောကြောင့် ခြံတွေ၊ ဝန်းတွေ၊ ပျဉ်ထောင်အိမ်တွေကနေ တိုက်ခန်းတွေကို ပြောင်းလဲဆောက်လုပ် နေထိုင်ကြပါတယ်။ ဒါကြောင့် တိုက်ခန်းဝယ်ယူရာတွင် BCC စာရွက်ကို အဓိက စာရွက်စာတန်းအဖြစ် စစ်ဆေးလာကြပါတယ်။ ဒါကြောင့် BCC အကြောင်း မသိသေးတဲ့သူတွေအတွက် အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။

BCC စာရွက်ဆိုတာ (Building Complete Certificate) (လူနေထိုင်ခွင့်ပုံစံ) လို့ခေါ်ပြီး စည်ပင်ဌာနကထုတ်ပေးသော အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုလွှာ စာရွက်ဖြစ်ပါတယ်။

ထိုစာရွက်ဟာ တိုက်ခန်းတစ်ခန်း ဝယ်ယူမယ်ဆိုရင် အခြားလိုအပ်သော စာရွက်စာတန်းတွေနဲ့အတူ BCC စာရွက်ကိုပါ အဓိကထား စစ်ဆေးသင့်ပါတယ်။ အဆိုပါ စာရွက်ဟာ လူနေထိုင်ခွင့်ပုံစံ စာရွက်ဖြစ်သလို နောင်တစ်ချိန် အရောင်းအဝယ် ပြန်လုပ်တဲ့အခါတွင် မရှိမဖြစ်လိုအပ်သော စာရွက်ဖြစ်တာကြောင့် အဲ့ဒီစာရွက်မရှိလျှင် ရောင်းဝယ်ဖို့ ကြန့်ကြာနိုင်ပါတယ်။ 

နောက်ပြဿနာတစ်ခုကတော့ ဘီစီစီ စာရွက် ဆိုတာကို နားမလည်တဲ့သူတွေကြောင့် အကျိူးဆောင် တစ်ချို့စိတ်ညစ်ခဲ့ရတယ် ဆိုတဲ့ ပြဿနာပါပဲ။

တစ်ခါတုန်းက တောင်ဥက္ကလာမှာ တိုက်ခန်းတစ်ခန်းရောင်းပေးတော့ စာရွက်စာတမ်းကိုရှေ့နေဖြင့် စစ်ခိုင်းတာ အဆောက်အဦးပြီးစီးကြောင်း စာရွက်ပဲပါပြီး လူနေထိုင်ရန်ဆိုသော လူနေထိုင်ခွင့် BCC စာရွက် လိုသေးတယ်လို့ အပြောခံရပါတယ်။ (စိတ်ကို တော်တော်လေသွားပါတယ်)

BCC ရဲ့ အင်္ဂလိပ်အရှည်ကောက်က Building Completion Certificate ဖြစ်တာကြောင့် လူနေထိုင်ခွင့်လို့ရေးထားသော စာရွက်မဟုတ်ဘဲ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြု စာရွက်သာဖြစ်ကြောင်း အထောက်အထား ခိုင်လုံစွာဖြင့် ရှင်းပြမှ လက်ခံသွားပါတော့တယ်။

Image result for bccစာခ်ဳပ္

BCC ကို လူနေခွင့်လို့ အကြမ်းဖျင်း သိထားတဲ့သူတွေက စာရွက်လည်းမြင်ရော လူနေခွင့်ပြုသည်ဆိုသော စာသားမပါသောကြောင့် ရောင်းသူနှင့် အကျိုးဆောင်တွေကို မယုံမကြည်မေးတတ်ပြန်ပါတယ်။ BCC စာရွက်ဆိုတာ ဘယ်လိုပုံစံမျိုးလည်းဆိုတာ ဝယ်သူတွေက သေချာမသိလို့ပါ၊ ပြောပြတော့လည်း ယုံရလိုလို၊ မယုံရလိုလို အကျိုးဆောင်ပွဲစားတွေကပဲ လိမ်တော့မှာလိုလို ဖြစ်ကုန်တတ်ပါတယ်။

ပိုပြီးဆိုးတာက ဘုတ်စိမ်းလို့အလွယ်ခေါ်တဲ့ ဆောက်လုပ်ခွင့်ပြု အမိန့်စာရွက်မှာ လူနေထိုင်ရန်ဆိုတဲ့ စာလုံးကို စာလုံးဆိုဒ်အကြီးဖြင့် မင်ခုံနဲ့ထုပြီးပါတာကို ဘီစီစီ ထင်တာပါပဲ။ နေထိုင်ရန်ဆိုသော စာလုံးအကြီးပါသော စာရွက်က ဘုတ်စိမ်းစာရွက် (ဆောက်လုပ်ခွင့်ပြုတဲ့အမိန့်)စာရွက်ပါ။ လူနေရန် ဆိုသော စာလုံးကြီးကြီးပါနေတာက လုပ်ငန်းလုပ်ရန် (Commercial) နဲ့ ခွဲခြားသတ်မှတ်ထားတာပါ။

ဘုတ်စိမ်းစာရွက်ပါရင် တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်တဲ့တိုက်လို့ ဆိုလိုတာပါ။ တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်လုပ်ပြီးစီးသွားရင် BCC လျှောက်ရပါတယ်။ ဘုတ်စိမ်းစာရွက်တစ်ခုနဲ့တင် မပြီးပါဘူး။ ဘီစီစီစာရွက်ပါ ပါရပါတယ်။

ဘုတ်စိမ်းစာရွက် (လူနေထိုင်ရန်လို့ ပါတဲ့စာရွက်) ပဲပြနိုင်ရင် တရားဝင် ဆောက်လုပ်ခွင့်နဲ့တော့ ဆောက်ထားတယ်။ အဆောက်အဦးပြီးစီးကြောင်း စာရွက် ဘီစီစီတော့ တင်မထားဘူးလို့ အဓိပ္ပာယ်ရပါတယ်။ လှိုင်နှင့် သင်္ဃန်းကျွန်း တစ်ချို့ရပ်ကွက်တွေမှာ ဘုတ်စိမ်း (ဆောက်လုပ်ခွင့်ပြုမိန့်) စာရွက်ပါပြီး ဘီစီစီစာရွက်မပါတဲ့တိုက်တွေ တစ်ရပ်ကွက်လုံးနီးပါးရှိတဲ့ ရပ်ကွက်တစ်ချို့ရှိပါတယ်။

ဘီစီစီစာရွက်ပါရင်တော့ ဘုတ်စိမ်းစာရွက်တောင်းဖို့ မလိုပါဘူး။ ဘီစီစီဆိုတာ ဘုတ်စိမ်းစာရွက်ရှိမှ ရတဲ့စာရွက်မို့ပါ။ တောင်ဥက္ကလာရဲ့ ၉၀% သောတိုက်ခန်းတွေက ဘီစီစီပါကြပါတယ်။ တောင်ဥက္ကလာမှာ တရားမဝင်ဆောက်တဲ့တိုက်၊ ဘီစီစီမတင်တဲ့တိုက် မရှိသလောက် နည်းပါတယ်။(တစ်လုံးတစ်လေ ရှိပါတယ်။)

၂၀၁၅ နှစ်လယ်ရှေ့ပိုင်းလောက်ထိ တိုက်တွေက မီတာကျပြီး အားလုံးပြီးစီးပြီဆိုမှ ဘီစီစီစာရွက် သပ်သပ်တင်ရတာပါ။ ၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်ဆောက်တဲ့ ကန်ထရိုက် အသေးစားတွေက ဆောက်လုပ်ခွင့် (ဘုတ်စိမ်း) တင်ပြီးဆောက်ရင် မီတာလည်း အလွယ်တကူရတာမို့ ဘီစီစီတင်တာကို အလုပ်ပိုလို့ မြင်ပါတယ်။ ဒါမို့လို့ ၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်တွေမှာ ဘီစီစီစာရွက်မေးလိုက်ရင် လူနေထိုင်ရန်လို့ မင်အပြာနဲ့တုံးထုထားတဲ့ ဘုတ်စိမ်းစာရွက်ကို ဘီစီစီလို့ ပြောပြီးပေးတတ်တာလည်း ကြုံဖူးကြားဖူးပါတယ်။ (မသိနားမလည်တာကို အခွင့်အရေးယူတာပါ။ ဒါမို့လို့ မိမိက သိအောင်လုပ်ထားရပါမယ်။)

၂ဝ၁၅ နှစ်လယ်လောက်နောက်ပိုင်းကစလို့ အဆောက်အဦးတွေမှာ ဘီစီစီရမှ မီတာချပေးတော့ပါတယ်။ အဲဒီတော့မှ ဘယ်ကန်ထရိုက်တိုက်မဆို ဘီစီစီဆိုတာ မတင်မနေရ ဖြစ်ကုန်တာပါ။ ဘီစီစီကျပြီးတာနဲ့ ဘီစီစီစာရွက်နဲ့ မီတာ ထပ်လျှောက်ရပါတယ်။ ၂၀၁၅ နှစ်လယ်နောက်ပိုင်းကတိုက်တွေတိုင်းမှာ ဘီစီစီစာရွက် ပါပါတယ်။(ဘီစီစီကျပြီးမှ မီတာချပေးတော့တာမို့ ဘီစီစီမတင်ပဲ ချိုချိုချောင်ချောင်ဆောက်တဲ့ ၃ထပ်ခွဲနဲ့ ၅ထပ်တိုက်တွေ ဈေးမကိုက်တော့လို့ မဆောက်ကြတော့ပါဘူး။)

တိုက်ခန်းမဝယ်ခင် ဒီစာကို အသေးစိတ် နားလည်အောင်ဖတ်သွားရင် အကျိူးရှိပါတယ်။ မိမိနဲ့ တိုက်ခန်းဝယ်ဖို့ရှိနေတဲ့ မိတ်ဆွေတွေကို ဒီပို့စ်ကို အဆင့်ဆင့်လက်ဆင့်ကမ်းပေးခြင်းဖြင့် မိမိစိတ်ထဲမှ မရှင်းလင်းမှုကို ချေဖျက်နိုင်ကြပါစေ။

Tips Read 1319 times