ပြည်ပကရော ပြည်တွင်းကရော လာရောက်တည်းခိုသူတွေအတွက် ကောင်းမွန်တဲ့ဝန်ဆောင်မှုရပြီး တန်ဖိုးသင့်တင့်တဲ့ အခန်းခကိုယူမယ့် ဘတ်ဂျက်ဟိုတယ်တွေကို အမတဟိုးလ်ဒင်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်က တိုးချဲ့တည်ဆောက်သွားမယ်လို့ သိရပါတယ်။
ဘတ်ဂျက်ဟိုတယ်တွေကတော့ 3 Star အဆင့်ရှိမှာဖြစ်ပြီးတော့ မူလသတ်မှတ်ထားတဲ့ နှုန်းထားကတော့ ပြည်ပနိုင်ငံခြားသားတွေအတွက် ဒေါ်လာ (၅၀)နဲ့ မြန်မာလူမျိုးတွေအတွက် ကျပ် (၄၅,၀၀၀၊ ၅၀,၀၀၀)လောက် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဘတ်ဂျက်ဟိုတယ်တွေ တည်ဆောက်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ' ပြည်တွင်းခရီးသွားတွေကလဲ တစ်နှစ်ထက်တစ်နှစ် ပိုတိုးတက်လာပြီ၊ ပြည်ပခရီးသွားတွေကလဲ ဟိုတယ်ခကို ဈေးကြီးတယ်ဆိုပြီး ညည်းနေတဲ့သူတွေရှိတယ်၊ တချို့ဧည့်သည်တွေကျတော့ ဈေးများတော့ မတည်းနိုင်တာတွေရှိတယ်၊ အားလုံးတည်းနိုင်အောင် ဘတ်ဂျက်ဟိုတယ်ကို စီမံကိန်းဆွဲလိုက်တာပါ 'လို့ အမတဟိုးလ်ဒင်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။ လက်ရှိဟိုတယ်တွေမှာ ဟိုတယ်ခန်းခက ပျမ်းမျှ ဒေါ်လာ (၁၀၀၊ ၁၅၀)ရှိနေပြီးတော့ 4 Star အဆင့်တွေရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
ဘတ်ဂျက်ဟိုတယ်ကတော့ ပင်းတယနဲ့ ဘားအံ့မှာ တည်ဆောက်နေတာဖြစ်ပြီးတော့ ပြင်ဦးလွင်၊ ကလောနဲ့ မော်လမြိုင်တွေမှာ လာမယ့်(၂)နှစ်၊ (၃)နှစ်အတွင်းမှာ ပြီးစီးအောင် တည်ဆောက်သွားမယ်လို့ သိရပါတယ်။ လတ်တလောဆောက်ပြီးသား ဟိုတယ်တွေကတော့ (၅)ခုရှိပြီးတော့ ငပလီ၊ ပုဂံ၊ အင်းလေး၊ မြိတ်ကျွန်းစုမှာ ဆောက်နေတယ်လို့ သိရပါတယ်။