အထပ်မြင့် အဆောက်အအုံများဆောက်လုပ်ပြီးကာစတွင် လူနေထိုင်ခွင့် BCC (Building Complete Certificate) မကျသေးဘဲ ဝင်ရောက် ပြီးနေထိုင်သူများပြားလာသောကြောင့် သတ်မှတ်ရက်အတွင်းလိုင်စင် လာရောက် လျှောက်ထားခြင်းမရှိပါကအရေးယူမည်ဖြစ်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသတိပေးကြေငြာချက် ထုတ်ပြန်လိုက်သည်။
ထို့ကြောင့် လူနေထိုင်ခွင့် BCC ခွင့်ပြုချက်မှမရှိဘဲနေထိုင်သူများအားယခုလ ၃၁ ရက်နောက်ဆုံးထားပြီးလျှောက်ထားရမည်ဖြစ်ပြီးရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကသတိပေးထားသည်။
ရန်ကုန်မြို့မှ ဆောက်လုပ်ပြီးကာစအထပ်မြင့် အဆောက်အအုံအများစုတွင် ကန်ထရိုက်နှင့် အခန်းဝယ်ယူထားသူအများစုကအချင်းချင်းညှိုနှိုင်းပြီး BCCလူနေထိုင်ခွင့် မကျခင်တွင် ဝင်ရောက်နေထိုင်မှုများ ရှိနေသောကြောင့် ယခုကဲ့သို့ သတိပေးခဲ့ရခြင်းဖြစ်သည်။
လူနေထိုင်ခွင့်လိုင်စင် မရှိဘဲ ဝင်ရောက်နေထိုင်ခြင်းကိုစစ်ဆေးတွေ့ရှိပါကရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရအရေးယူမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
“တချို့ကလဲ BCC ကျဖို့တစ်လနှစ်လလောက်ပဲလိုတော့တာဆိုတော့ ကန်ထရိုက်နဲ့မြေရှင် ညှိပြီးBCCမကျခင် တက်နေလိုက်ကျတာပေါ့ အပြင်မှာအိမ်ခန်းထပ်ဌားရင် အနည်းဆုံး ၆လလောက်ကစာချုပ်ထပ်ချုပ် ရတော့မှာ“ဟုဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ယခင်က BCC လူနေထိုင်ခွင့်များနှင့်ပတ်သက်ပြီးရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြပ်မတ် မှုနည်းပါးသော်လည်းယခု ၂၀၁၆ နှစ်စမှစတင်ပြီးလူနေထိုင်ခွင့် ချထားပေးခြင်းကို ကြပ်မတ်စစ်ဆေးခြင်းများအရှိန် မြှင့်မည်ဖြစ်ကြောင်းသိရသည်။
၂၀၁၃ ခုနှစ်ကပြဌာန်းခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဥပဒေအရဆောက်လုပ်ပြီးသားအဆောက်အအုံတစ်လုံးကိုဖြစ်စေအဆောက်အအုံ၏ တစ်စိတ် တစ်ပိုင်းကိုသာဖြစ်စေခွင့်ပြုချက် မရှိဘဲ ဝင်ရောက်နေထိုင်ခွင့် မရှိကြောင်း ၎င်းဥပဒေ၏ ပုဒ်မ ၆၁ တွင်ပြဌာန်းထားသည်။