မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်သည် အရင်ခေတ်နှောင်းက အသုံးပြုခဲ့ကြရသော ရထားလမ်းအား တစ်ဖန်ပြန်လည် ပြုပြင်မှုများပြုလုပ်၍ ပြန်လည် အသုံးပြုနိုင်ရန် လုပ်ဆောင်နေကြသည်။
ရန်ကုန်မှ မန္တလေးသို့ ရထားခရီး ၈ နာရီဖြင့် ရောက်ရန် စီမံကိန်းကို ဆောင်ရွက်မည်ဖြစ်သည့်အပြင် ရန်ကုန်မြို့တွင်း သွားလာမှုအတွက် အားကိုးစရာ တစ်ခုဖြစ်သော မြို့ပတ်ရထားလမ်းကိုလည်း အဆင့်မြှင့်တင်နေပြီ ဖြစ်သည်။ ယခုနှစ်အတွင်း ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအရ ရထားလမ်းများ အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပြီး ရထားပြေးဆွဲမှု မြန်နှုန်းမြှင့်တင်ရန်နှင့် ရန်ကုန်မြို့ပတ်ခရီးစဉ်၏ ပြေးဆွဲမှု ကြာမြင့်ချိန်ကို လျှော့ချသွားရန် ရည်မှန်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မီးရထားလမ်းသည် နေ့စဉ် လှုပ်ရှားသွားလာနေရသူများအတွက် ပို၍အဆင်ပြေ လွယ်ကူစေလျှင် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုအား အနည်းနှင့်အများ လျှော့ကျစေနိုင်မည်ဖြစ်သည်။
ရန်ကုန်မြို့၏ ရထားပတ်လမ်း အရှည်မှာ ၄၆ကီလိုမီတာ ရှိသည် ။ယခု လက်ရှိ တွင် ရန်ကုန်မြို့ပတ်ရထားများ ပြေးဆွဲမှုနှုန်းသည် တစ်နာရီ ၁၅ ကီလိုမီတာ နှုန်းဖြင့် ပြေးဆွဲနေရခြင်းဖြစ်သည်။
သို့ဖြစ်ရာမြို့ပတ်ရထား ခရီးစဉ် မြို့တစ်ပတ် ပြေးဆွဲမှု ကြာမြင့်ချိန်သည် ၃နာရီခန့် ကြာမြင့်သည်။
မြို့လယ်ပိုင်းနှင့် မြို့ပြင် ဆင်ခြေဖုံးရပ်ကွက်များအကြား နေ့စဉ် အလုပ်တက်ဆင်း သွားလာကြရတွင် ရထားဘူတာများနှင့် ဘတ်စ်ကား မှတ်တိုင်များ အနီးအနားတွင် ရှိနေပါက ကူးပြောင်းပြီး စီးရန် လွယ်ကူစေမည်ဖြစ်သည်။
သို့ဖြစ်ရာ ကွမ်းခြံကုန်းဘူတာကြီးတွင် ဘတ်စ်ကားဂိတ် ထားရှိမည့် အစီအစဉ်ကို အကောင်အထည်ဖော်မည်ဟု သိရသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်ဘူတာကြီးအထိ ခရီးသွားပြည်သူများသွားလာမှုအဆင်ပြေစေရန် Omni focus General Services Public ကုမ္ပဏီက တရုတ်နိုင်ငံထုတ် FOTON ယာဉ်အသစ်အစီး ၅၀ဖြင့် ပြေးဆွဲပေးသွားမည်ဟု သိရသည်။
အဓိကမှာ လေဆိပ်သို့ သွားမည့် ခရီးသွားပြည်သူများအတွက် သွားလာမှုလွယ်ကူအဆင်ပြေရန်အတွက် ရည် ရွယ်ခြင်းဖြစ်ကြောင်း၊ ထိုလမ်းကြောင်းမှာ မှတ်တိုင်တိုင်း မရပ်ဘဲ ရှစ်မိုင်တွင်
ရန်ကုန်ဟိုတယ်အရှေ့၊ ကမ္ဘာအေးဘုရားလမ်းတွင် ဆီဒိုးနားဟိုတယ်၊ Meliaဟိုတယ်ရှေ့၊ ထို့နောက် ဦးထောင်ဗိုလ်အဝိုင်း၊ ရှန်ဂရီလာဟိုတယ်၊ ဆူးလေမှတ်တိုင်နှင့် ဘူတာကြီးတွင်သာ
ရပ်မည်ဖြစ်ကြောင်း၊ မှတ်တိုင်ကို ငါးခု၊ ခြောက်ခုခန့်သာထားပြီး ဆူးလေသည် အတက်အဆင်း များသည့်အတွက် မဖြစ်မနေရပ်မည် ဟု ၎င်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာမှ ပြောကြားခဲ့ပါသည်။
မြို့ပတ်ရထားလမ်းတစ်ဝိုက်တွင်လည်း အိမ်ရာနှင့် ရုံးအဆောက်အဦများ ဖွံ့ဖြိုးဖော်ထုတ်လျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်ဆူးလေဘုရားလမ်းထောင့်ရှိ မြန်မာ့မီးရထားရုံးချုပ်ဟောင်းကိုရှေးမူမ ပျက်ပြင်ဆင်လျက်ရှိသည်။ ၎င်းအနီးတွင်် ၂၄ထပ်အမြင့်ရှိသော office Towers ၂လုံး၊ကွန်ဒို၊serviced apartment နှင့် ဟိုတယ်၊ ရိုးမစင်ထရယ်Commercial complex တို့အားတည်ဆောက်လျက်ရှိသည်။ ပုံစံထုတ်ရာ၌ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Marunouchi business districtကို ပုံစံတူ ပြုထားခြင်း ဖြစ်သည်
ထို့အပြင် ရန်ကုန်ဘူတာကြီးအဆောက်အဦ အား အဆင့်မြှင့်တင်ကာ ပြန်လည်တည်ဆောက်ရန် တင်ဒါခေါ်ထားပြီး ရှေ့လတွင် တင်ဒါအောင်သူအား ကြေညာပေးမည်ဖြစ်သည်။ ၎င်းသည် ၂၅ဟက်တာ ကျယ်ဝန်းသော ဧရိယာ ပေါ်တွင် တည်ဆောက်မည့် အဆောက်အဦအတွက်ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂ဒဿမ ၅ ဘီလျံခန့်ရှိမည်ဖြစ်သည်။