တောင်ကိုရီးယား ဘတ်(စ်)ကားများကို ထုတ်လုပ်မည့်စက်ရုံအား မင်္ဂလာဒုံ၌ တည်ဆောက်


06 December, 2020

 တောင်ကိုရီးယားနိုင်ငံထုတ် ဘတ်စကားများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်မည့် စက်ရုံအား မင်္ဂလာဒုံမြို့နယ်၌  ယခုနှစ်အတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်း Daewoo Bus Myanmar  ၏ Director of Operations ဦးကျော်ကျော်အောင်ထံမှ သိရသည်။

          တောင်ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သော Daewoo မော်တော်ယာဉ်များကို ပြည်တွင်း၌ စတင်ထုတ်လုပ်နိုင်ရန် စီစဉ်နေပြီး  ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခရီးသည်တင် ဘတ်(စ်)ကား လိုအပ်ချက်ကိုဖြည့်တင်းနိုင်ရေး ၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

          လက်ရှိတွင်   စက်ရုံတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး    ယခုနှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်ကာ  စက်ရုံတည်ဆောက်ပြီးစီးပါက စီးတီးဘတ်နှင့် CNG ယာဉ်အမျိုးအစား နှစ်မျိုးကို  ထုတ်လုပ် ဖြန့်ဖြူးပေးမည်ဖြစ်သည်။

''စက်ရုံတည်ဆောက်နေတာ  ဒီနှစ်ကုန်မှာပြီးစီးမှာပါ။  ကားအမျိုးအစား  နှစ်မျိုးတည်း  ထုတ်လုပ်မယ် ဆိုပေမယ့်  မီနီဘတ် အမျိုးအစားတွေလည်း   ထုတ်လုပ်မှာပါ။ ဒါတွေကို  လုပ်ငန်းတွေမှာ  ဖယ်ရီအဖြစ် အသုံးပြုနိုင်ဖို့နဲ့ ကျောင်းကြို၊ပို့ယာဉ်တွေ အတွက် ရည်ရွယ် ထုတ်လုပ်ပေးတာပါ။ လိုအပ်တဲ့ ပစ္စည်းတွေကို တောင်ကိုရီးယားနိုင်ငံက တင်သွင်းပြီး ဒီမှာတပ်ဆင် ထုတ်လုပ်မှာပါ။ ရန်ကုန်မှာ ဈေးကွက် လိုအပ်ချက်ရှိပါတယ်။ နောက်တစ်ခုက ပြည်တွင်းထုတ်ဖြစ်တာမို့ ဈေးနှုန်းကွာဟမှုတွေ ရှိနေပေမယ့် ဝယ်ယူအသုံးပြုသူတွေကို  အရည်အသွေး မီအောင် ထုတ်လုပ်ပေးမှာပါ'' ဟု ဦးကျော်ကျော်အောင် ကပြောသည်။

           ခရီးသည်တင် ဘတ်စကားများ တပ်ဆင်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချခြင်း ဆောင်ရွက် နိုင်ရန်စက်ရုံကို အမြန်ဆုံးပြီးစီးအောင် တည်ဆောက်နေပြီးအမေရိကန်ဒေါ်လာငါးသန်းမှ ၁ဝ သန်းကြား ရင်းနှီးမြှုပ်နှံ ထားသည်။ စက်ရုံတည်ဆောက် ပြီးစီး၍ မော်တော်ယာဉ်များ စတင်ထုတ်လုပ် ရောင်းချပါက ဝယ်ယူလိုသူများအား အရစ်ကျ စနစ်ဖြင့်လည်း ရောင်းချပေးနိုင်ရန် စီစဉ်ထားပြီး အရစ်ကျစနစ်ဖြင့်   ရောင်းချပေးရာတွင်  ငါးနှစ်အရစ်ကျ စနစ်ဖြင့်  ရောင်းချပေးရန် စီစဉ်ထားကြောင်း သိရသည်။

Source: Myawaddy
 

Local Read 31 times