မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်သည့် စက်ရုံများတည်ဆောက်ရန် အိန္ဒိယနိုင်ငံအခြေစိုက် Precision Auto Engineering ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံအခြေစိုက် Shwe Daehan Motors ကုမ္ပဏီတို့ယခုနှစ်ဝက်အတွင်း ဝင်ရောက်ခဲ့ကြောင်းသိရသည်။
အိန္ဒိယနိုင်ငံအခြေစိုက်ကုမ္ပဏီသည် ကရင်ပြည်နယ်တွင်မော်တော်ယာဉ်တပ်ဆင်ခြင်း၊ထုတ်လုပ်ခြင်း၊ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း စက်ရုံတည်ဆောက်သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၅၂ သန်း ရင်းနှီးမြှုပ်နှံ၍ မြဝတီ နယ်စပ်ကုန်သွယ်ရေးစက်မှုဇုန် ကွင်းအမှတ် ၃ တွင် မော်တော်ယာဉ် ၂ဘီး၊၃ဘီး၊၄ဘီးတပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်း၊ဖြန့်ဖြူးရောင်းချခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် ကရင်ပြည်နယ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းခွင့်ပြုပေးခြင်းသည် ပထမဆုံးဖြစ်သည်။
ယခင်က လုပ်ငန်း ၃ခု ခွင့်ပြုပေးထားသည်။ကရင်ပြည်နယ်တွင် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ခု၊ အမေရိကန်ဒေါ်လာ ၂၂၈ ဒသမ ၂ဝဝ သန်းခွင့်ပြုပေးထားခဲ့ပြီး အဆိုပါ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံတွင်အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၂၆ခုရှိခဲ့ကာ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ၇၄၃ ဒသမ ၆၄၂ သန်းအထိ ခွင့်ပြုထား၍ ရင်းနှီးမြှုပ်နှံမှုအဆင့် ၁ဝ တွင်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများ အရ သိရသည်။
ထို့အပြင် စင်ကာပူနိုင်ငံအခြေစိုက်ကုမ္ပဏီလီမိတက်တစ်ခုဖြစ်သော Shwe Daehan Motors မှလည်း ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိသာဓုကန်စက်မှုဇုန် တွင်မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ထုတ်လုပ်သွားမည်ဖြစ်ကာ ကားနှင့် ဆိုင်ကယ်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက်အမေရိကန်ဒေါ်လာ ၉ ဒသမ ၈၂ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး မော်တော်ယာဉ်အစိတ်အပိုင်းတပ်ဆင်၊ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ အခြေစိုက် မော်တော်ယာဉ် ကုမ္ပဏီများ ဖြစ်သည့် Nissan နှင့် suzuki ကုမ္ပဏီတို့က မော်တော်ယာဉ်တပ်ဆင်၊ထုတ်လုပ်သည့် လုပ်ငန်းများကို လုပ်ကိုင်နေသည်။
#Myanmar Builders Guide