ဆက်တိုက်မြင့်တက်နေသော ဘိလပ်မြေဈေးနှုန်းများ


12 December, 2019

သင်္ကြန်မတိုင်မီက တစ်အိတ်လျှင် ကျပ်ငါးထောင်ခန့်သာရှိသော ဘိလပ်မြေဈေးနှုန်းသည် မေလပထမပတ်ကစတင် မြင့်တက်ပြီး မေလ ၁၀ ရက်တွင် တစ်အိတ်လျှင် ယခင်ဈေးထက် ကျပ်တစ်ထောင်ခန့် မြင့်တက်ခဲ့ကြောင်း အောင်လံမြို့နယ်ရှိ ဆောက်လုပ်ရေးပစ္စည်း အရောင်း ဆိုင်ရှင်များက ပြောသည်။

ဈေးကွက်အတွင်း အသုံးများသည့် အယ်လ်ဖာနှင့် ကြံ့နှစ် ကောင်တံဆိပ် ဘိလပ်မြေသည် ယခင် ကျပ်ငါးထောင်ခန့်သာရှိ ရာမှ ယခုရက်ပိုင်း ကျပ်ခြောက် ထောင်ခန့်အထိ ဈေးမြင့်လာကြောင်း ၎င်းတို့က ဆိုသည်။

‘‘အစိုးရတည်ဆောက်ရေးလုပ်ငန်းတွေ လုပ်နေတဲ့အချိန်လည်းဖြစ်တယ်။ မိုးရာသီလည်း နီးလာတော့ ရောင်းအားတက်တယ်။ ပစ္စည်းကတော့ လုံလောက်အောင်မရလို့ ကြိုတင်ငွေပေးမှာယူရတယ်။ ဒါတောင် ပစ္စည်းက မရဘူး။ လျှပ်စစ်မီးမရလို့စက်ရုံ တွေမလည်နိုင် တော့ ဈေးတက် တဲ့သဘောပါ’’ ဟု ၎င်းက ပြော သည်။

ထို့အပြင် ဈေးကွက်အတွင်း ဝယ်ယူမှုများသည့် ဘိလပ်မြေအမျိုးအစားများ ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားကောင်းနေပြီး ယင်းဘိလပ်မြေစက်ရုံများ လျှပ်စစ်မီး လုံလောက်စွာ မရရှိခြင်းကြောင့် ကုန်ပစ္စည်းထုတ်လုပ်နိုင်မှု လျော့ကျခြင်းဖြစ်ကြောင်း အောင်လံ မြို့မဈေးရှိ ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

ဘိလပ်မြေဈေးမြင့်တက်မှု ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူအများစု အရှုံးနှင့် ရင်ဆိုင်နေရကြောင်း အခြေခံ ပညာစာသင်ကျောင်းဆောင်သစ်များ ဆောက်လုပ်နေသည့် လုပ်ငန်းရှင် ဦးဝင်းကျော်က ပြော သည်။

‘‘ဘိလပ်မြေဈေးဆက်တိုက် တက်နေတော့ အဆင်မပြေဘူး။ အခုတည်ဆောက်ရေးကလည်း မိုးရာသီမှာ လုပ်ရသလိုဖြစ်နေ တော့ ကုန်ကျစရိတ်တွေကလည်း တက်တယ်။ ပစ္စည်းဈေးတွေကလည်း တောက်လျှောက်တက်တယ်။ ရှုံးဖို့တော့ သေချာသလောက်ဖြစ်နေပြီ’’ ဟု ၎င်းက ပြောကြားသည်။

ဘိလပ်မြေဈေးမြင့်တက်မှုသည် ကုန်ထုတ်လုပ်မှု လျော့ကျခြင်းကြောင့် ဖြစ်နိုင်ပြီး ပုံမှန်ကုန်ထုတ်လုပ်မှုရှိပါက ဈေးပြန်လည်ကျဆင်းဖွယ်ရှိကြောင်း အောင်လံမြို့မှ ဆောက်လုပ်ရေးသုံးပစ္စည်း အရောင်းဆိုင်ရှင်တစ်ဦးက သုံးသပ်သည်။

Local Read 70 times