ဆောက်လုပ်ရေးကဏ္ဍ ကြီးမားတဲ့ စိန်ခေါ်မှုများ


31 August, 2021

ဆောက်လုပ်ရေးကဏ္ဍမှာ ကြီးမားတဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်နေရတယ်လို့ Turner & Townsend မှ ထုတ်ပြန်တဲ့ International Construction Market Survey 2021မှာ ဖော်ပြထားပါတယ်။

ကမ္ဘာတစ်လွှားမှာ ရှိတဲ့ ကျွမ်းကျင်သူတွေကို မေးမြန်းပြီး စစ်တမ်းကောက်ယူခဲ့တာမှာ အခရာကျတဲ့ စိန်ခေါ်မှုတွေ ပြောပြခဲ့ကြတယ်။
စိန်ခေါ်မှု အမျိုးအစားတစ်ခုကို ဖြေဆိုသူတို့က သက်ရောက်အား အနည်းအများ ပိုင်းခြားဆုံးဖြတ်ပေးရပါတယ်။ ဆောက်လုပ်ရေး အလုပ်အပေါ် သက်ရောက်မှု မရှိ၊ သက်ရောက်မှု အနည်းအကျဉ်း၊ သက်ရောက်မှု အလယ်အလတ်၊ သက်ရောက်မှု မြင့်မား ဆိုပြီး အဆင့် လေးဆင့်ဖြင့် ပိုင်းခြားသတ်မှတ်ပေးရတာ ဖြစ်ပါတယ်။ 

သူတို့ရဲ့ ဖြေဆိုမှုများကို ပေါင်းစုခြုံငုံသုံးသပ်တဲ့အခါ မျှော်လင့်ထားတဲ့အတိုင်း ယခုနှစ်မှာလည်း ဆောက်လုပ်ရေးဈေးကွက်အတွက် အကြီးမားဆုံး စိန်ခေါ်မှုက  COVID-19 ဖြစ်ပါတယ်။ 

COVID-19 က နေရာအတော်များများမှာ ဖိစီးနေဆဲ ဖြစ်ပါတယ်။ အသွားအလာ ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေဆဲဖြစ်ပြီး လုပ်ငန်းခွင်တွေ ပိတ်ခိုင်းတာမျိုးလည်း ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။ ကွင်းဆက်အနေဖြင့် ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံတွေ၊ သယ်ယူပို့ဆောင်ပြီး ပေးသွင်းတဲ့ကဏ္ဍတွေအပေါ်မှာလည်း COVID-19 က ထိခိုက်မှုတွေ ရှိနေစေပါတယ်။ 
ယခုနှစ်က ယခင်ကနဲ့ မတူတဲ့ စိန်ခေါ်မှု အပြောင်းအလဲတွေ ရှိနေပါတယ်။ စိန်ခေါ်မှုတစ်ရပ်ကတော့ ဆောက်လုပ်ရေးဈေးကွက်မှာ ဆောက်လုပ်ရေးကုန်ကျစရိတ်တွေ မြင့်မားလာနေတာ ဖြစ်ပါတယ်။ ယခင်က နံပါတ်(၁၂) နေရာမှာ ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်ကစလို့ နံပါတ်(၆)နေရာမှာ ရောက်ရှိနေခဲ့ပါတယ်။ COVID-19 ကြောင့် ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံတွေ အပြည့်အဝ မလည်ပတ်နိုင်ခြင်း၊ ရပ်နားထားရခြင်းများ ရှိနေတဲ့အတွက် ဝယ်လိုအားကို ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်ခြင်း မရှိဘူး။ သယ်ယူပို့ဆောင်ရေးအပိုင်းမှာလည်း အသွားအလာကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေတာကြောင့် နှောင့်နှေးမှုတွေ ရှိနေလို့ ကုန်စည်စီးဆင်းမှု ပြတ်တောက်တာတွေ တစ်နေရာရာမှ စုပုံပြုံတိုးနေတာတွေ ရှိနေစေပါတယ်။  ဆောက်လုပ်ရေးပစ္စည်းတွေ အချိန်မီ လိုသလို မရရှိတာကြောင့် လုပ်ငန်းစဖို့ ပြင်ဆင်ရတဲ့အချိန် ကြာမြင့်တဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ကြရပြီး အဲဒီစိန်ခေါ်မှုက ယခုနှစ် စိန်ခေါ်မှုများစာရင်းမှာ ထိပ်ဆုံး ငါးမျိုးထဲမှာ ပါဝင်နေပါတယ်။ 

အစိုးရ ကြိုးနီစနစ်၊ ဗျူရိုကရေစီနဲ့ အတည်ပြု ခွင့်ပြုရန် နှောင့်နှေးကြန့်ကြာခြင်းကလည်း ဆောက်လုပ်ရေးကဏ္ဍအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပြီး  ယခုနှစ် စိန်ခေါ်မှုများစာရင်းမှာ တတိယနေရာကို ရောက်နေပါတယ်။ ယခင်နှစ် ၂၀၂၀ ခုနှစ်တုန်းက ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။ 
ဈေးကွက် မရေရာ မသေချာခြင်းက ၂၀၂၁ ခုနှစ်အတွက် စိန်ခေါ်မှုများစာရင်းမှာ အမျိုးအစားအသစ် ဖြစ်ပါတယ်။ ယခုနှစ်မှ ပါဝင်လာတာ ဖြစ်ပါတယ်။ 


အကြီးမားဆုံး စိန်ခေါ်မှုများစာရင်းမှာ ဒုတိယနေရာမှာ ရှိနေတာက ကျွမ်းကျင်လုပ်သား မလုံလောက်ခြင်း ဖြစ်ပါတယ်။ 
COVID-19 ကြောင့် ဆောက်လုပ်ရေးလုပ်သား အလုံအလောက် မရရှိတာကို နိုင်ငံအတော်များများမှာ ရင်ဆိုင်ရတယ်။ ဆောက်လုပ်ရေးဈေးကွက်မှာ ရွှေ့ပြောင်းလုပ်သားတွေကို အများစုအဖြစ် သုံးစွဲတာကြောင့် ကိုဗစ်ကူးစက်မှု တားဆီးရေးအတွက် ပြည်ဝင်ခွင့်တွေ ပိတ်ထားလိုက်တဲ့အခါ ရွှေ့ပြောင်းလုပ်သားတွေ ပြည်တွင်းသို့ လာရောက်နိုင်ခြင်း မရှိတော့တဲ့အတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လုပ်သားမလုံလောက်တဲ့ ပြဿနာကို ရင်ဆိုင်နေကြရတယ်။ တစ်ဆက်တည်းမှာ ကျွမ်းကျင်လုပ်သား မလုံလောက်တဲ့ ပြဿနာကိုပါ ရင်ဆိုင်နေကြရတာဟာ တစ်စထက်တစ်စ ပိုကြီးမားလာနေတဲ့ စိန်ခေါ်မှု ဖြစ်နေပါတယ်။
 

 

Tips Read 392 times