ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် တည်ဆောက်နေသော ဆူရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်မှုမှာ (၅၂) ရာခိုင်နှုန်းနီးပါးပြီးစီးနေပြီဖြစ်ကြောင်း ချင်ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၏ ပြောကြားချက်အရ သိရသည်။
“ခုလောလောဆယ် ဘတ်ဂျက် လျာထားမှုကတော့ (၂၈) ဘီလီယံ လောက် ကုန်ကျမယ့် စီမံကိန်း ကြီးဖြစ်ပါတယ်။ လက်ရှိမှာ (၅၂) ရာခိုင်နှုန်းလောက်ပြီးသွားပါပြီ။ လေယာဉ်ပြေးလမ်းလည်း ခင်းထားပြီးပြီ။ ခုချိန်မှာ တာဝါနဲ့ လေယာဉ်ရုံးတည်ဆောက်နေတဲ့ ကာလဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။
အဆိုပါ ဖလမ်း (ဆူရ်ဘုန်) လေဆိပ်အား ၂ဝ၂ဝ- ၂ဝ၂၁ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
လေယာဉ်ကွင်း တည်ဆောက်ပြီးစီးသွားပါက ချင်းပြည်နယ်(မြောက်ပိုင်း)ရှိ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ ရိခေါဒါရ်မြို့များနှင့် အထင်ကရနေရာများဖြစ်သည့် ရိဒ်ရေကန်နှင့် လေသာတောင်ခေါ် ကနေဒီတောင်များအပြင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ စသည့်မြို့များသို့ အလွယ်တကူ ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည်။
ဖလမ်း(ဆူရ်ဘုန်) လေဆိပ်ကို ဆူရ်ဘုန်တောင်ကြောတစ်လျှောက်၊ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၆၀၀၀ ကျော်တွင် တည်ဆောက်ထားပြီး လေယာဉ်ကွင်း တည်ဆောက်မှု ပြီးစီးပါက ပေါင် (၅၀၀၀၀) ရှိသော ATR-72 လေယာဉ်အမျိုးအစားများပါ ဆင်းသက်နိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု၊ ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။