မူဆယ်နှင့်ရွှေလီကြား၌ တရုတ်-မြန်မာအထူးစီးပွားရေးဇုန်


06 December, 2020

တရုတ်--မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုး ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် အထူးစီးပွားရေးဇုန်ကို ရှမ်းပြည်နယ် မူဆယ်နှင့် ရွှေလီကြားတွင် ပထမဆုံးအနေဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

အထူးစီးပွားရေးဇုန်

****************

          ထိုဇုန်နှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းကျင်းပမည့် နယ်စပ်ကုန် သွယ်ရေးကုန်စည်ပြပွဲတွင် အသေးစိတ် ထပ်မံဆွေးနွေးမည်ဖြစ်ပြီး အထူးစီးပွားရေးဇုန်များကို ရှမ်းပြည်နယ် မူဆယ်၊ ကိုးကန့်ဒေသ ချင်း ရွှေဟော် နှင့် ကချင်ပြည်နယ် ကန်ပိုက်တီးတို့ တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။

ပြုလုပ်နေ

********

          "အခုပထမဆုံး မူဆယ်နဲ့ ရွှေလီကြားမှာ အကောင်အထည်ဖော်မယ်။ အဲဒါကြောင့် သူတို့ဘက်ကလည်း ကြယ်ဂေါင်ဆိုတဲ့အရပ်ကို ခြံစည်းရိုးကာပြီးပြီ။ ကျွန်တော်တို့ဘက်မှာ နယူးစတားလိုက်စ်ကုမ္ပဏီရှိတဲ့နေရာကို ခြံစည်းရိုးခတ်မယ်ဆိုရင် အဲဒီဇုန်က အကောင်အထည်ဖော်ပြီးသွားမယ့် အခြေအနေမျိုးမှာရှိပါတယ်။ အဲဒါကို ကျွန်တော်တို့ စလုပ်နေပြီ။ ဒီဇင်ဘာလမှာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲရှိမယ်။ အဲဒီအခါကျရင် အသေးစိတ်ထပ်ပြီးတော့ ညှိနှိုင်းသွားမယ်"ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးအောင်ထူးက ပြောဆိုချက်အရ သိရပါတယ်။

          ထိုကဲ့သို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အစိုးရအသိအမှတ်ပြု ကုမ္ပဏီများကိုလည်း လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကာ အထူးစီးပွားရေးဇုန်ဖော်ဆောင်ရန် စိတ်ဝင်စားသည့်ကုမ္ပဏီများအား စိတ်ဝင်စားမှုဖော်ပြခြင်း၊ လျှောက်လွှာဖြင့်လည်း မကြာခင်ဖိတ်ခေါ်မည်ဖြစ်ပြီး ယင်းအပေါ် ပုဂ္ဂလိကလုပ်ငန်းရှင်များက လုပ်ကိုင်နိုင်ခြင်း ရှိမရှိကိုလည်း ဆန်းစစ်မည် ဖြစ်ကြောင်း သိခဲ့ရပါတယ်။

MoU ရေးထိုးထားပြီးဖြစ်

*********************

          ၂၀၁၇ ခုနှစ် မေလအတွင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံအထူးစီးပွားရေးဇုန် တည်ထောင်ရန်အတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးထားပြီးဖြစ်ကြောင်း သိရပါတယ်။

အလုပ်အကိုင်အခွင့်အလမ်း

***********************

          နှစ်နိုင်ငံအထူးစီးပွားရေးဇုန်တွင် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများ၊ ခရီးသွားကဏ္ဍများ နှင့် အဆိုပါဇုန်ကို အထောက်အကူပြုမည့် စက်မှုဇုန်များ ပါဝင်လာမည်ဖြစ်ပါတယ်။ ယင်းကဲ့သို့ ဆောင်ရွက်လာနိုင်မည်ဆိုပါက နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုများတိုးလာမည်ဖြစ်သလို အဆိုပါဒေသအနီးဝန်းကျင်ရှိ မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့် အလမ်းများရရှိလာခြင်း၊ ဒေသ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်းနှင့် ခရီးသွားများပိုမိုဝင်ရောက်လာ နိုင်ခြင်းစသည့်အကျိုးများရရှိမည်ဖြစ်ကြောင်း သိခဲ့ရပါတယ်။

Infrastructure and Zones Read 81 times