ရန်ကုန်မြို့ပတ်လမ်းနှင့် ပတ်သက်၍ ကုမ္ပဏီ ၁၀ ခုမှအောင်မြင်ထားပြီး Risk အားလုံးကိုတာဝန်ယူသည့် ကုမ္ပဏီက အနိုင်ရမည်ဖြစ်ကြောင်းဒုတိယဝန်ကြီးဦးကျော်လင်းက ပြောကြားသည်။
ရန်ကုန်မြို့၏ ဆိုးရွားသည့်ယာဉ်ကြောင်းပိတ်ဆို့မှုအားလျော့ကျစေရန်နှင့် အစိုးရ၏ ဦးစားပေးဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုဖြစ်သည့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း(၁) အတွက် ဆန်ခါတင်အရည်အသွေးပြည့်မီသူများက တင်သွင်းလာသည့် စီမံကိန်းအဆိုပြုလွှာများအနက်မှ အောင်မြင်သည့် ရင်းနှီးမြှုပ်နံှသူတစ်ဦးကို ရွေးချယ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောကြားထားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်း၍ Public Private Partnership(PPP) အစီၤအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း(YEX) Project Phace 1 အတွက်စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများထံမှ ဆန်ခါတင်အရည်အသေပြည့်မီမှု လျှောက်လွှာ ၁၂ စောင်လက်ခံရရှိခဲ့ကြောင်း သိရသည်။
တင်သွင်းလာသည့်ကုမ္ပဏီ ၁၂ ခုအနက်မှ ဆန်ခါတင်အရည်အသွေးပြည့်မီသည့်ကုမ္ပဏိ ၁၀ ခုအမည်စာရင်းကို ထုတ်ပြန်ထားသည်။
ယင်းကုမ္ပဏိ ၁၀ ခုတွင် ပြင်သစ်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မြန်မာစသည့် ကုမ္ပဏီများပါဝင်လျှက်ရှိပြီး အများစုမှာ တရုတ်ကုမ္ပဏီများဖြစ်သည်။
ဆန်ခါတင်အရည်အသွေးပြည့်မီသူများသည် စီမံကိန်းနှင့်သက်ဆိုင်သော အချက်အလက်များနှင့် မှတ်တမ်းများကို ရယူနိုင်မှာဖြစ်ပြီး တင်ဒါအနိုင်ရရှိရန် ဆက်လက်ပါဝင်နိုင်မည်ဖြစ်ကြောင်း၊ တင်ဒါအနိုင်ရရှိရန် နောက်တစ်ဆင့်မှာ ကြိုတင်အရည်အသွေးပြည့်မီသူများအား အဆိုပြုလျှောက်လွှာ(Request for Proposal) တင်သွင်းရန်ဖိတ်ခေါ်ပြီး သဘောတူညီမှုစာချုပ်(Concession Agreement) အားထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။
“ နောက်တစ်ဆင့်က Project Proposal အဆင့်ဖြစ်ပြီး တင်သွင်းလာကြတဲ့ စီမံကိန်းအဆိုပြုလွှာတွေကို မေလမှာရွေးချယ်ပြီး ဇွန်လမှာဆောင်မြင်တဲ့ရင်းနှီးမြှုပ်နှံသူကို ထုတ်ပြန်သွားမှာဖြစ်ပါတယ်” ဟုဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကြည်ဇော်မြင့်က ပြောကြားသည်။
အဆိုပါစီမံကိန်းသည် အစိုးရ၏ ဦးစားပေးဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့၏ ဆိုးရွားသည့်ယာဉ်ကြောပိတ်ဆို့မှုအားလျော့ကျစေရန်နှင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မိုးပျံအမြန်လမ်းမကြီးသည် ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းများသို့ ပိုမိုလွယ်ကူစွာသွားလာနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။