ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြီးပါက အပြောင်းအလဲရှိနိုင်သော ရထားလက်မှတ်ခနှုန်းထားများ


09 December, 2019

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းအဆင့်မြှင့်တင်ပြီးပါက DEMU ရထားတွဲဆိုင်း သစ်များဖြင့်  ပြေးဆွဲပေးမည်ဖြစ်ရာ  ရထား လက်မှတ်ခနှုန်းထားများလည်း  အပြောင်းအလဲရှိနိုင်ကြောင်း မြန်မာ့မီးရထားစစ်ဆေးရေးရုံးချုပ်မှ အထွေထွေမန်နေဂျာ ဦးဘမြင့် ၏ပြောဆိုချက်အရ သိရသည်။

         လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်း ပိုင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအဖြစ် ရန်ကုန်မြို့ပတ်ရထားလမ်း ရှေ့ဘက်ခြမ်းနှင့်   နောက်ဘက်ခြမ်းတို့ကို    တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပြီး  ရထားလမ်းနှင့်ကား လမ်းကူးဂိတ် များ ကိုလည်း အဆင့်မြှင့်တင် ခြင်းများ ဆောင်ရွက် လျက်ရှိသည်။
''ဒီလမ်းပိုင်းတစ်ခုလုံး  ပြီးသွားရင် ဂျပန်နိုင်ငံက အသစ်ဝယ်ယူထားတဲ့ တွဲဆိုင်းတွေနဲ့ ပြေးဆွဲပေးမယ်။ အရင်က တွဲဆိုင်း ၆၆ ဆိုင်း ဝယ်ယူဖို့  စီစဉ်ထားပေမယ့်  ဘတ်ဂျက် အနေအထားအရ တွဲဆိုင်း ၆၄ ဆိုင်းပဲ ဝယ်နိုင်တော့တယ်။  ရထားတွဲတွေ  အရင်ထက်ပိုကောင်းသွားမှာဖြစ်တဲ့အတွက် လက်မှတ်ခနှုန်းထားတွေလည်း အပြောင်းအလဲတော့ ရှိမှာပါ ''ဟု ဦးဘမြင့်က ပြောသည်။

        မြန်မာ့မီးရထားမှ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်အတူ ရထားလမ်းနှင့် ကားလမ်းကူးဂိတ်များ၊ အချက်ပြစနစ်များ၊ လူကူးခုံးကျော်တံတားများ တည်ဆောက်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများလည်း  ဆောင်ရွက်လျက် ရှိသည်။

 
        လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ ရထားစီးနင်းခနှုန်းထားများအနေဖြင့် ရထားလမ်းပိုင်း ၁၅ မိုင်အထိ ငွေကျပ် ၁ဝဝ  သတ်မှတ်ထားပြီး  ၁၅ မိုင်နှင့်အထက်ကို  ငွေကျပ်၂ဝဝ သတ်မှတ်ထားသည်။ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများမဆောင်ရွက်မီက တစ်နေ့လျှင် ရထားစီးခရီးသည် ကိုးသောင်းကျော်ရှိရာမှ  လက်ရှိတွင် လမ်းပိုင်း အဆင့်မြှင့်တင်နေသည့်အတွက်  ရထားစီးခရီးသည်  အနည်းငယ်လျော့နည်းလာကြောင်း သိရသည်။
 

Source: Myawaddy

Tips Read 69 times