နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာစီမံကိန်းများ ဆက်လက်တည်ဆောက်မည်


23 September, 2019

သီလဝါ စက်မှုဇုန်အနီး တန်ဖိုးနည်းအိမ်ရာ၊ လှိုင်သာယာ (ကျန်စစ်မင်း) နှင့် ဒဂုံ (ဆိပ်ကမ်း) ရိုးမ တန်ဖိုးနည်းအိမ်ရာအပါအဝင် နေပြည်တော်၌ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာစီမံကိန်းများ ဆက်လက်တည်ဆောက်မည်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သန်လျင်၊ကျောက်တန်း၊သီလဝါစက်မှုဇုန်အနီး တန်ဖိုးနည်းအိမ်ရာ၊ လှိုင်သာယာ(ကျန်စစ်မင်း)နှင့် ဒဂုံ(ဆိပ်ကမ်း)ရိုးမတန်ဖိုးနည်း အိမ်ရာအပါအဝင် နေပြည်တော်၌ နိုင်ငံ့ဝန် ထမ်းအငှားအိမ်ရာစီမံကိန်းများကို ဆက်လက် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၇၃၀၀ နီးပါး တည်ဆောက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး တွင် အများဆုံးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုအနေဖြင့် တိုက် ၁၅၈ လုံး၊ အခန်းပေါင်း ၂၂၇၆ ခန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တိုက် ၁၅၉ လုံး၊ အခန်းပေါင်း ၂၅၃၄ ခန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုက် ၁၅၉ လုံး၊အခန်းပေါင်း ၂၄၈၂ ခန်းဖြင့် သုံးနှစ်အတွင်း စုစုပေါင်း တိုက် ၄၇၆ လုံး၊အခန်းပေါင်း ၇၂၉၂ ခန်းရှိကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးတို့တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဝန်ထမ်းအငှားအိမ်ရာများ တည်ဆောက်နေသည့်အပြင် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဝန်ထမ်းအငှားအိမ်ရာများကို တာဝန်ယူဆောက်လုပ်လျက်ရှိကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်တွင် ဖော်ပြထားသည်။

သုံးနှစ်အတွင်း ဝန်ထမ်းအိမ်ရာတည်ဆောက်မှုအနေဖြင့် ကချင်ပြည်နယ်တွင် ၅၂၀ ခန်း၊ ကယားပြည်နယ်တွင် ၃၁၈ ခန်း၊ ကရင်ပြည်နယ်တွင် အခန်း ၁၅၀၊ချင်းပြည်နယ်တွင် ၁၆၂ ခန်း၊စစ်ကိုင်းတိုင်းဒေသကြီး တွင် ၁၂၆၂ ခန်း၊တနင်္သာရီတိုင်းဒေသကြီး တွင် ၂၅၂ ခန်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၆၇၂ ခန်း၊ မကွေးတိုင်းဒေသကြီးတွင် ၅၅၂ ခန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၅၃၀ ခန်း၊မွန်ပြည်နယ်တွင် ၂၅၂ ခန်း၊ ရခိုင်ပြည် နယ်တွင် ၆၆၆ ခန်း၊ ရှမ်းပြည်နယ်တွင် ၇၃၂ ခန်းနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၂၂၄ ခန်း တည်ဆောက်ခဲ့ကြောင်း ဖော်ပြထား သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ဝင်ငွေနည်း ပြည်သူများအတွက် ဝယ်ယူနိုင်စွမ်းရှိစေမည့် အရောင်းအိမ်ရာများကို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် စုစုပေါင်းအိမ်ခန်း ၈၄၁၆ ခန်းတည်ဆောက် ရောင်းချပေးလျက်ရှိကြောင်း၊ အတိုးနှုန်းသက်သာသည့် နှစ်ရှည်အိမ်ရာ ချေးငွေစနစ်နှင့် ချိတ်ဆက်ဝယ် ယူနိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်း၊ ဆောက်လုပ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်း များကိုနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ အကြား အချိုးကျခွဲဝေရောင်းချ ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့တွင်တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဖိတ်ခေါ်ဆောင်ရွက်ကာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ဝင်ငွေနည်းပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိစေရေးအတွက် အိမ်ရာများကို ဂျပန်နိုင်ငံ ODA Loan (Two – Step Loan) အစီအစဉ်အရ အတိုးနှုန်းသက်သာသော နှစ်ရှည်အိမ်ရာချေးငွေဖြင့် JICA, ODA Loan Criteria နှင့်ကိုက်ညီသော အိမ်ရာများအတွက် အိမ်ရာချေးငွေများ ချေးပေးနေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က ဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် တန်ဖိုးနည်း၊တန်ဖိုးသင့်နှင့် တန်ဖိုးမြင့်အိမ်ရာစီမံကိန်းတိုက်ခန်းများဝယ်ယူသူများကို ချေးငွေထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။


 

Local Read 73 times