နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းများကို ယခုဘဏ္ဍာနှစ်ဘက်ဂျက်ဖြင့် လာမည့် ၂၀၂၀ ခုနှစ်အောက်တိုဘာလ တွင်နေထိုင်ခွင့်ပြုနိုင်ရန် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ သိရသည်။
“အိမ်ရာတွေကို အပိုင်းလိုက်ခွဲပြီးတည်ဆောက်နေတာ တချို့နေရာတွေမှာက ကျူးကျော်တွေရှိနေလို့ ဆောက်လုပ်ဖို့ အနည်းငယ်ကြန့်ကြာနေတာပါ အခုတော့ ဒီနှစ်ဘက်ဂျက်နဲ့တိုက် ၄ လုံး အပြီးဆောက်လုပ်သွားမယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှုချုပ်ဦးမင်ထိန်ကပြောကြားသည်။
အဆိုပါနိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာလမ်းအနီးတွင် ဆောက်လုပ်အကောင်ထည်ဖော်နေခြင်းဖြစ်ပြီး ၄ ခန်းတွဲ ၅ ထပ်တိုက်များအဖြစ် ဆောက်လုပ်နေခြင်းဖြစ်ကြောင်း အဆိုပါဦးစီးဌာနထံမှသိရသည်။
တည်ဆောက်လျက်ရှိသည့်တိုက် ၁ လုံးလျှင် အခန်းပေါင်း ၃၂ ခန်းပါဝင်မည်ဖြစ်ပြီး ဆောက်လုပ်ပြီးတိုက် ၄ လုံး၊ ဆောက်လုပ်ဆဲတိုက် ၄ လုံးနှင့် ယခုဘက်ဂျက်တွင် တိုက် ၄ လုံး စုစုပေါင်း ဝန်ထမ်း ၄၀၀ နီးပါးနေထိုင်နိုင်ရန် ဆောက်လုပ်လျက်ရှိကြောင်း ယင်းဝန်ကြီးဌာနထံမှသိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအနှံ ပြည်သူ့အိမ်ရာနှင့် အစိုးရအိမ်ရာများကို ၂ နှစ်ခွဲကာလအတွင်း အခန်းပေါင်း ၁,၀၀၀ ကျော် ဆောက်လုပ်ရန်လျာထားပြီး ဆောက်လုပ်ပြီးစီးသည့် အိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ညွန်ကြားချက်များဖြင့် ရောင်းချ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနမှသိရသည်။