ကျောက်မီးသွေးသုံးစက်ရုံ ဆောက်ဖို့ တရုတ်ကုမ္ပဏီနဲ့ စာချုပ်ချုပ်


16 November, 2019

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့က ပုသိမ်စက်မှုဇုန်မှာ တရုတ်ယူနန် Union Resources and Engineering Company Limited နဲ့ ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်တို့က ကျောက်မီးသွေးစက်ရုံ တည်ဆောက်ဖို့ ပူးပေါင်းဆောင်ရွက်မှု မူဘောင်စာချုပ်ကို လက်မှတ်ရေးထိုးလိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီဇင်ဘာ ၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ပုသိမ်စက်မှုဇုန်ထဲမှာ ၃၅၀ မဂ္ဂါဝပ်ရှိတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံ တည်ဆောက်ဖို့ လက်မှတ်ရေးထိုးတဲ့နေရာမှာ တရုတ်သံရုံးက နိုဝင်ဘာ ၂၉ ရက်က အသိသက်သေ လုပ်ခဲ့တာလို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရကတော့ ပုသိမ်စက်မှုမြို့တော် စီမံကိန်းထဲက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းအတွက် ကုမ္ပဏီ ၂ ခု သဘောတူစာချုပ် လက်မှတ်ရေးထိုးတယ်လို့သာ ထုတ်ပြန်ထားပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံဆိုတာလို့တော့ မဖော်ပြထားပါဘူး။

အဲဒီစက်ရုံ ဆောက်မယ့်ကိစ္စကို တိုင်းအစိုးရက လူထုကို သေချာအသိပေးတာ မရှိဘူးလို့လည်း ပုသိမ်မြို့နယ်က လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေဟာ ရေ၊ လေ၊ မြေ စတဲ့ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးထိခိုက်မှုအပါအဝင် လူမှုပတ်ဝန်းကျင်တွေကိုပါ ထိခိုက်စေနိုင်တာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေအများစုကတော့ ကန့်ကွက်နေကြတာပါ။

ဧရာဝတီတိုင်းအစိုးရ၊ ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်တို့ကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

တရုတ်သံအမတ်ကြီး မစ္စတာ ချိုင်းဟိုင်နဲ့ အဖွဲ့ဟာ အဲဒီနေ့ နိုဝင်ဘာ ၂၉ ရက်မှာပဲ ပုသိမ်စက်မှုမြို့တော်စီမံကိန်းနဲ့ စက်မှုဆိပ်ကမ်းဆောက်လုပ်ဖို့ ရတနာပိုင်တိုင် စိုက်ထူတဲ့အခမ်းအနားကို တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ပုသိမ်စက်မှုဇုန်ကို ပုသိမ်-ငပုတော်ကားလမ်းဘေးက မြေဧရိယာ ၆၇၀၀ ပေါ်မှာ ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီက ပုသိမ်စက်မှုမြို့တော်စီမံကိန်းကိုဆောင်ရွက်မှာဖြစ်ပါတယ်။

အဲဒီစီမံကိန်းမှာ ကုန်စည်ပိုင်းဆောင်ဖို့၊ ဒေသထွက်ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချဖို့အတွက် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု ပါဝင်တယ်လို့လည်း သိရပါတယ်။

Local Read 64 times