မြန်မာ e-Government စုပေါင်းဒေတာစင်တာကို ၂ဝ၂၁ တွင် အပြီးသတ်တည်ဆောက်မည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဓိက e Government ဒေတာစင်တာကိုနေပြည်တော်တွင်တည်ဆောက်မည်ဖြစ်ပြီး အရန်ဒေတာစင်တာကို သန်လျင်တွင် တည်ဆောက်မည်ဖြစ်သည်။
အဆိုပါဒေတာစင်တာ သည် အဆင့်သတ်မှတ်ချက် Tier 3 ရှိသည်ဟုကြေညာချက်တွင် ဖော်ပြထားသည်။
e Government အဓိက အစီအစဉ်အရ အစိုးရဝန်ဆောင်မှုများ၊တင်ဒါများနှင့် သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် စုစည်းဖော်ပြပေးသည့်အမျိုးသား အဆင့် ဝက်ဘ်ပေါ်တယ် myanmar.gov.mm လွှင့်တင်နိုင်ခဲ့ပြီးနောက် ဒုတိယအဆင့်အနေဖြင့် စုပေါင်းဒေတာစင်တာတည်ဆောက်မည်ဖြစ်သည်။
e Government ဒေတာစင်တာသည်အစိုးရဝန်ဆောင်မှုကွန်ရက်ကိုမြန်နှုန်းမြင့်လုပ်ဆောင်ပေးမည့်အပြင် Cloudဝန်ဆောင်မှုများ၊Co Location ဝန်ဆောင်မှုများကိုလည်း ပေးအပ်မည်ဟု သိရသည်။
လက်ရှိတွင် အစိုးရအဖွဲ့အစည်းအသီးသီးက အကောင်အထည်ဖော်ဆောင်နေသော e Government လုပ်ငန်းစဉ်ကို အထောက်အကူပြုရန် Server Co-Location ဝန်ဆောင်မှုကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနက ပေးအပ်မည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။
Server Co-Location နှင့် သက်ဆိုင်သည့် ဝန်ဆောင်မှု ငါးမျိုးကိုအစိုးရအဖွဲ့အစည်းများငှားရမ်းလိုပါက သတ်မှတ်နှုန်းထားချက်အတိုင်းလျှောက်ထားရယူနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါဝန်ဆောင်မှုသည် အစိုးရဌာနများအားလုံးတစ်ပြေးညီအသုံးပြုနိုင်ရန် ရုံးစာစနစ်များနှင့် အီးမေးလ်စနစ်များအပါအဝင်အခြားလိုအပ်ချက်စနစ်မျိုးဖန်တီးပေးထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှကြေညာသည်။