စုပေါင်းအိမ်ရာနှင့် ကန်ထရိုက်တိုက်များတွင် ကားပါကင်နေရာဦးထားခြင်းမှာ ဥပဒေနှင့်မညီဟုဆို


30 November, 2020

ရန်ကုန်မြို့ရှိ အများပြည်သူပိုင်လမ်းများပေါ်တွင် ခုံများချ၊ ကြိုးများတန်း၍ ကားပါကင်နေရာဦးထားခြင်းသည် ဥပဒေနှင့်မညီကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ YCDC အင်ဂျင်နီယာ (လမ်း/တံတား)ဌာန ဒုဌာနမှူးမှ ပြောကြားကြောင်းသိရသည်။


“အိမ်ရှေ့မှာ ပန်းအိုးတွေချထားတာတို့၊ ကားရပ်နားဖို့နေရာ ပိတ်ဆို့ထားတာတို့က ပြည်သူပိုင်လမ်းတွေဖြစ်တဲ့အတွက် တရားမဝင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး တဦးနဲ့တဦး စကားများတာတို့၊ တိုင်တာတို့ တော်တော်များများရှိနေကြတယ်။

အတတ်နိုင်ဆုံး ဖြေရှင်းပေးနေရတာပဲ။ ဒါကို အုပ်ချုပ်ရေးပိုင်းက စနစ်တကျ ဆောင်ရွက်နိုင်မှ ဒီလိုကိစ္စတွေ လျော့နည်းသွားမယ်''ဟု ၎င်းကဆက် လက်ပြောသည်။

ယင်းသို့ ကားပါကင်နေရာဦးမှုများကို စည်ပင်မှ လိုက်လံရှင်းလင်းဆောင်ရွက်နေသော်လည်း လိုက်နာမှုအားနည်းကာ ဟိုတယ်များ၊ ဘဏ်များ၊ ပုဂ္ဂလိကဆေးရုံဆေးခန်းများ၊ စားသောက်ဆိုင်များ၊ စုပေါင်းအိမ်ရာများနှင့်

ကန်ထရိုက်တိုက်များရှေ့တွင် ကားပါကင်နေရာဦးမှုများရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကင်းမြို့နယ်ရှိ အများပြည်သူ ကားရပ်နားရာလမ်းပေါ်တွင် ပန်းအိုးများချထားကာ ကားရပ်နားရန် ဖယ်ခိုင်းပါက ရပ်ကွက်မှ ရန်ရှာသည့်အထိ ပဋိပက္ခဖြစ်ပွားနေမှုများလည်းရှိကြောင်း ရန်ကင်းမြို့နယ်နေ ပြည်သူတဦးမှ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ရပ်နားရန်နေရာများ ပြန်လည်သတ်မှတ်ကာ ကားပါကင်ကြေး စနစ်တကျ ကောက်ခံသွားရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က ကျင်းပသော ဒုတိယအကြိမ်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးမှ ပြောကြားထားသော်လည်း ယခုအချိန်ထိ ရန်ကုန်မြို့တွင် ကားပါကင်နေရာဦးမှုကိစ္စရပ်များ၊ ပါကင်ကြေးကောက်ခံမှုများကြောင့် စကားများ ခြင်း၊

ရန်ဖြစ်ခြင်းများရှိနေကြောင်း သိရသည်။

Region Laws and Regulations Read 294 times