တည်ထောင်သူသည် စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်ပြီးစီး ၍တည်ဆဲဥပဒေနှင့်အညီ နေထိုင်ခွင့်ရရှိပါက စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သည့် စာချုပ်စာတမ်းနှင့် စာတမ်းအမှတ်အသားများကို မှတ်ပုံတင် အရာရှိထံတွင် မှတ်ပုံတင်ရမည်ဖြစ်သည်။
မှတ်ပုံတင်အရာရှိသည် စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သည့် စာချုပ်စာတမ်း နှင့် စာတမ်း အမှတ်အသားများကိုလည်းကောင်း၊စုပေါင်းပိုင်အဆောက်အအုံရှိ အိမ်ခန်းများကိုလည်းကောင်း၊သတ်မှတ်ချက်များနှင့် အညီမှတ်ပုံတင်၍ အိမ်ခန်းအလိုက် အိမ်ခန်းမှတ်ပုံတင်လက်မှတ်များကို တည်ထောင်သူအား ထုတ်ပေးပြီး အိမ်ခန်းမှတ်ပုံတင် လက်မှတ်မိတ္တူ ကို ထိန်းသိမ်းထားရမည်။
တည်ထောင်သူသည် ယင်းအိမ်ခန်းများကို ပုဒ်မ ၂ဝ အရလွှဲပြောင်းသည့်အခါ အိမ်ခန်းလက်ခံရရှိသူသို့ သက်ဆိုင်ရာအိမ်ခန်းမှတ်ပုံတင် လက်မှတ်အား လွဲှပြောင်းပေးရမည်။
မှတ်ပုံတင်ထားသော အိမ်ခန်းများကို အောက်ပါ နည်းလမ်းတစ်ရပ်ရပ်ဖြင့်ဆောင်ရွက်သည့်အခါ လွှဲပြောင်းပေးသူနှင့် လွှဲပြောင်း သည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်းသက်ဆိုင်ရာ မှတ်ပုံတင်အရာရှိထံတွင်
လွဲှပြောင်းသည့်စာချုပ်စာတမ်းကို သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ရမည်-
(က)ပေးကမ်း၊စွန့်လွှတ်ခြင်း နှင့် လဲလှယ်ခြင်း
(ခ)ရောင်းချခြင်း
(ဂ)နောက်ဆုံးအတည်ဖြစ်သည့် တရားရုံး၏ အမိန့် သို့မဟုတ် ဒီကရီ အရ ပိုင်ဆိုင်ခွင့် လွှဲပြောင်းခြင်း နှင့် လွှဲအပ်ခြင်း
တည်ထောင်သူသည် သက်ဆိုင်ရာစာချုပ်စာတမ်း မှတ်ပုံတင် ရုံးတွင် မှတ်ပုံတင်သည့် စုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင်အဆောက်အအုံအဖြစ် သက်ဆိုင်ရာမှတ်ပုံတင်အရာရှိထံတွင် မှတ်ပုံတင်သည့်
စာချုပ်စာတမ်းအတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေအရ သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။
ပုဒ်မ ၂ဝပါ လွှဲပြောင်းခြင်းတစ်ရပ်ရပ်ဖြင့် အိမ်ခန်းကို လွဲှပြောင်းလက်ခံရရှိသူသည် လွှဲပြောင်းသည့် စာချုပ်စာတမ်းအတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေအရ သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည်။
ပုဒ်မ ၂ဝ ပါ လွှဲပြောင်းခြင်း တစ်ရပ်ရပ်ဖြင့် လွှဲပြောင်းသည့် စာချုပ်စာတမ်းများကို မှတ်ပုံတင်သည့်အခါ-
(က)လွှဲပြောင်းလက်ခံရရှိသော စုပေါင်းပိုင်သူသည် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ခအား ပေးဆောင်ရမည်။
(ခ)မှတ်ပုံတင်အရာရှိသည် အိမ်ခန်းလွှဲပြောင်းသည့် စာချုပ်စာတမ်းများကို သီးခြားမှတ်ပုံတင်စာအုပ်ဖွင့်လှစ်ပြီး သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်၍ အိမ်ခန်းမှတ်ပုံတင်လက်မှတ်ထုတ်ပေးရမည်။
စုပေါင်းပိုင်သူသည်မိမိပိုင် အိမ်ခန်းကို ပုဒ်မ ၂ဝပါ လွှဲပြောင်းခြင်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်းပြီးနောက် လွှဲပြောင်းသည့် စာချုပ်စာတမ်းကို သတ်မှတ်သည့် ကာလထက်ကျော်လွန်ပြီးမှ မှတ်ပုံတင်လျှင် မှတ်ပုံတင်လ အပြင် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ မှ သတ်မှတ်သော ဒဏ်ကြေးကိုလည်း ပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။
Source:Law