ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံစီမံခန့်ခွဲရေးကော်မတီက ကွန်ဒိုမီနီယံအဆင့်မီ အဆောက်အအုံများဖြစ်မဖြစ်ကိုလည်း လိုက်လံ စစ်ဆေးမယ်လို့သိရပါတယ်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကွန်ဒိုမီနီယံဥပဒေထွက်ပေါ်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် နည်းဥပဒေကို ထုတ်ပြန်ခဲ့ကာ နည်းဥပဒေထုတ်ပြန်ပြီးနောက် ကွန်ဒိုမီနီယံဥပဒေကို အကောင်အထည်ဖော်နိုင်ရန်အတွက် စီမံခန့်ခွဲရေးကော်မတီရှိရန် လိုအပ်ခြင်းကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၏ကွန်ဒိုမီနီယံနှင့် ပတ်သက်သော စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းပေးခဲပြီလည်းဖြစ်ပါတယ်။
ဒါ့ကြောင့် အဆိုပါ အဖွဲ့က လိုင်စင်ထုတ်ပေးခြင်းနဲ့ အဆင့်မှီ အဆောက်အုံတွေဖြစ်မဖြစ်စစ်ဆေးမှှုတွေ လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။
အဆိုပါ ကော်မတီအနေဖြင့် ယခုအခါ စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို) တည်ဆောက်ခြင်း လုပ်ငန်းလိုင်စင် ထုတ်ပေးနိုင်ရန် စီစစ်နေပြီး ကော်မတီသို့ လိုင်စင်လျှောက်ထားမှု ၄၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို) တည်ဆောက်ခြင်းလုပ်ငန်း လိုင်စင်ရရှိပြီးသူများအနေဖြင့် စုပေါင်းပိုင် အဆောက်အအုံတည်ထောင်ခွင့် ခွင့်ပြုမိန့်ကို ထပ်မံလျှောက်ထားရမည်ဖြစ်ကာ ကော်မတီမှခွင့်ပြုလျှင် တည်ဆောက်ခွင့်ရရှိမှာဖြစ်ပါတယ်။
ကွန်ဒိုမီနီယံဥပဒေသည် ၂၀၁၉ ခုနှစ်တွင် စတင် အသက်ဝင်လာပြီဖြစ်ကာ ယင်းဥပဒေကိုအကောင်အထည် ဖော်ဆောင်နိုင်မည့် စီမံခန့်ခွဲရေးကော်မတီရှိရန် လိုအပ်သောကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် တရားဝင်ဖွဲ့စည်းပြီးစီးခဲ့ခြင်းဖြစ်ကာ ကော်မတီဥက္ကဌမှာ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် အတွင်းရေးမှူးမှာ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်တို့ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။