ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအားငွေကျပ်ဘီလီယံ ၇၀ ထုတ်ချေးထားကြောင်းအဆိုပါဘဏ်ဥက္ကဌဦးမင်းထိန်ကပြောသည်။
ဘီလီယံ ၆၀ကျော်အား လက်ရှိ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ တည်ဆောက်နေသည့် ရတနာနှင့် သရဝဏ်အိမ်များအား တည်ဆောက်ခွင့်ရရှိထားသောဆောက်လုပ်ရေးကုမ္မဏီများအားငွေချေးပေးထားပြီးဖြစ်ပြီးကျန် ၁၀ဘီလီယံမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီး ၁၀ ဦးအားထုတ်ချေးပေးထားကြောင်းဦးမင်းထိန် ကပြောသည်။
လက်ရှိငွေချေးရာတွင် အခန်းပေးအခန်းယူစနစ်ဖြင့် တည်ဆောက်သည့် လုပ်ငန်းရှင်များအားငွေမချေးဘဲတိုက်ရိုက် ကိုယ်ပိုင်မြေတွင် တည်ဆောက်သည့် ကုမ္ပဏီများကိုသာငွေချေးပေးပြီးလက်ရှိတွင် အဆိုပါဘဏ်မှာလုပ် ငန်းမလည်ပတ်နိုင်သဖြင့် တစ်ဝက်တစ်ပျက်နှင့် ရပ်နားထားရသည့် ကန်ထရိုက်တိုက်အလုံး ၄၀ အားငွေချေးထားပြီး ဖြစ်ကြောင်းသိရသည်။
ပြင်ပလုပ်ငန်းရှင်များအား ၎င်းဘဏ်မှ ငွေချေးပေးခြင်းအပြင် လက်ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ တည် ဆောက် ရောင်းချပြီးဖြစ်သည့် ရွှေလင်ဗန်းအိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၅၀၀ မှ အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုသူ အယောက် ၂၀၀ ကိုလည်းငွေချေးပေးထားပြီးဖြစ်ပြီး မန္တလေးမြရည်နန္ဒာ အိမ်ရာစီမံကိန်းမှလဲ ဝယ်ယူလိုသူ၂၉ ဦးကိုလည်းရှစ်နှစ် အရစ်ကျ စနစ်ဖြင့် ငွေထုတ်ချေးပေးထားပြီဖြစ်ကြောင်းသိရသည်။
ငွေချေးလိုသူသည် ကိုယ်ပိုင်မြေတွင် တည်ဆောက်ရမည်ဖြစ်ပြီးအဆောက်အအုံ၏ ၂၀ ရာခိုင် နှုန်းပြီးမှသာဘဏ်မှ အတိုးနှုန်း ၁၂ ရာခိုင်နှုန်းသာယူ၍ ငွေချေးပေးထားကြောင်းသိရသည်။
‘အခုတိုက်ခန်းတွေကိုအရစ်ကျနဲ့ရောင်းတဲ့ ကုမ္ပဏီတော်တော်များများကဘဏ်ချေးငွေရလို့ သူတို့ ဆောက်နိုင် ကြတာ။ ကိုယ့်ငွေကိုတော့ ဘယ်သူမှ စိုက်ပြီး စ မဆောက်နိုင်ဘူး’ ဟုဧရာကမ္ဘာဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာဦးသန်းလွင်ကပြောသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကိုအစိုးရအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင်များစုစည်းပြီး ပြီးခဲ့သည့်နှစ်ကစတင် တည်ထောင်ခဲ့ခြင်း ဖြစ် သည်။ ၂၀၁၃ ဇူလိုင်တွင် ဗဟိုဘဏ်မှ ဘဏ် လိုင်စင်ရရှိခဲ့ပြီးငွေချေးခြင်းလုပ်ငန်းများလည်ပတ်နေသည်မှာခြောက်လခန့်သာရှိသေးသည်။
အဆိုပါဘဏ်သည် နယ်မြို့ကြီးများတွင် ဘဏ်ခွဲများဆက်လက်ဖွင့်ရန်ပြင်ဆင်နေပြီးနိုင်ငံတကာမှလည်းအတိုးနှုန်းသက်သာသည့် ငွေကြေးအထောက်အပံ့များရယူ၍ လည်ပတ်ရန် စီစဉ်လျှက်ရှိသည်။