ဆက်သွယ်သွားလာရန်ခက်ခဲသည့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင်၊ မတူပီမြို့နယ် လိုင်လင်းပီမြို့တွင် လေယာဉ်ကွင်းငယ်တည်ဆောက်သွားနိုင်ရန်အတွက် လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ်ကို မတ်လ ၂၆ ရက်က ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်သည့်အတွက် မကြာခင် တည်ဆောက်ရေးလုပ်ငန်းများ စတင်သွားမည်ဖြစ်ကြောင်း MAF (Mission Aviation Fellowship) Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
" ဒီဒေသက နွေရာသီမှာ သွားလာရေးရအဆင်ပြေပေမယ့် မိုးတွင်းဆိုရင် သွားလာရခက်ခဲပါတယ်။ ဒါကြောင့် သွားလာရေး အဆင်ပြေဖို့အပြင် လူမှုအကျိုးစီးပွားဖွံဖြိုးတိုးတက်လာဖို့ကိုလည်း အထောက်အကူဖြစ်စေဖို့ ဒီလေယာဉ်ကွင်းကို တည်ဆောက်တာဖြစ်ပါတယ်" ဟု MAF Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တည်ဆောက်ရေးလုပ်ငန်းများကို မကြာမီ စတင်ပြီး လာမည့်နှစ်တွင် အပြီးသတ်တည်ဆောက်သွားနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
လေယာဉ်ကွင်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၉၁၇ တွင် တည်ရှိပြီး လေယာဉ်ပြေးလမ်းသည် ပေ ၂၆၀၀ ကျော် အရှည်ရှိမည်ဖြစ်ကြောင်း သိရသည်။
လေယာဉ်ကွင်းတည်ဆောက်မှုအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းခန့်ကုန်ကျရန် ခန့်မှန်းထားပြီး ခရီးသည် ၁၀ဦး တင်ဆောင်နိုင်သည့် လေယာဉ်ကွင်းငယ်များဖြင့် အသုံးပြုကာ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်သည် သွားလာရေးခက်ခဲသည့်အတွက် ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်တွင် ပါဝင်သည့်အတွက် အစိုးရသစ်လက်ထက်တွင် ချင်းပြည်နယ် (မြောက်ပိုင်း) သို့ သွားလာရအဆင်ပြေစေရန် ဖလမ်းလေဆိပ်ကို တည်ဆောက်နေပြီဖြစ်ပြီး ချင်းပြည်နယ် (တောင်ပိုင်း) တွင် တည်ဆောက်ထားပြီဖြစ် သည့် ကျောက်ထုလေယာဉ်ကွင်းကိုလည်း ပြန်လည်ဖွင့်လှစ်ပေးရန်အတွက် လုပ်ငန်းရှင်များက တောင်းဆိုထားကြောင်း သိရသည်။