ဆူရ်ဘုန်လေဆိပ် တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီး


01 January, 2020

မြန်မာနိုင်ငံ၏တောင်တန်းဒေသဖြစ်ပြီး သွားလာရခက်ခဲသော ချင်းပြည် နယ် ဖလမ်းမြို့အနီး တည်ဆောက်လျက်ရှိသော

ဆူရ်ဘုန်လေဆိပ် တည်ဆောက်ရေးလုပ်ငန်းများမှာ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ် ကြောင်း လေဆိပ်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်လျက်
ရှိသော လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းဇော်ထံမှ သိရသည်။
"အဓိက လေယာဉ်ပြေးလမ်းနဲ့လေယာဉ်ရပ်နားရာနေရာလုပ်တာကတော့အကုန်လုံးရာနှုန်းပြည့်ပြီးသွားပါပြီ။ လေဆိပ်အဆောက်အအုံကလည်းရာနှုန်းပြည့်ပြီးသွားပါပြီ။ ကျန်တာက ဆက်စပ်လုပ်ငန်းတွေဖြစ်တဲ့ ရေမြောင်းတို့၊ ဘာတို့ပဲနည်းနည်းကျန်တယ်။ ဆက်သွယ်ရေးပိုင်းဆိုင်ရာက ရှေ့တစ်ပတ်ဆိုပြီးပါမယ် " ဟု ၎င်း မှ ပြောသည်။
ဆူရ်ဘုန်လေဆိပ်တည်ဆောက်ရန်အတွက် မြေပြင်ကွင်းဆင်းလေ့လာတိုင်းတာခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းများကို ၂၀၁၅-၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ပြီး နှစ်အလိုက်ဘတ်ဂျက်ငွေရရှိမှုအပေါ်မူတည်၍ တည်ဆောက်ရေးလုပ်ငန်းများဆက်လက်လုပ်‌ဆောင်ခဲ့သည်။
လေဆိပ်တည်ဆောက်ရေးလုပ်ငန်းများကို မူလက ၂၀၂၁ ခုနှစ်တွင်အပြီးတည်ဆောက်ရန်လျာထားခဲ့သော်လည်း သတ်မှတ်ကာလထက်စော၍ လုပ်ငန်းများပြီးစီးမှုကြောင့် ၂၀၂၀ ပြည့်နှစ်ဇူလိုင်လအတွင်း လုပ်ငန်းများအပြီးသတ်မည်ဟုခန့်မှန်းထားကြောင်း ၊ ယခုအခါတည်ဆောက်ရေးလုပ်ငန်းများ ၉၇ ရာခိုင်နှုန်းခန့်ပြီးစီနေပြီဖြစ်ကြောင်းသိရသည်။
ခရီးသည် ၇၀ ကျော် လိုက်ပါစီးနင်းနိုင်သော ATR-72 လေယာဉ်များအတက်အဆင်းပြုလုပ်နိုင်ရန်ရည်ရွယ်တည်ဆောက်လျက်ရှိသောဆူရ်ဘုန် လေဆိပ်မှာ လေယာဉ်ပြေးလမ်းအရှည်အလျားပေ ၆၀၀၀ ၊ အနံ ပေ ၁၀၀ ရှိပြီး Steel Structure များဖြင့် တည်ဆောက်ထားသော တစ်ထပ်ခွဲလေဆိပ်အ‌ဆောက်အအုံမှာ ခရီးသည် ၂၅၀ ခန့်ကိုဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကာ လေဆိပ်အဆောက်အအုံကို ဒေသရာသီဥတုနှင့်ကိုက်ညီ၍ သာမာန်လေဆိပ်များနှင့်မတူသောအခုံးပုံသဏ္ဌာန်ဒီဇိုင်းထည့်သွင်းတည် ဆောက်ထားကြောင်း သိရသည်။

Local Infrastructure and Zones Read 151 times