ရန်ကုန်-ဒလ တံတား စီမံကိန်း၏ ပင်မ တံတားတည်ဆောက်ရေးကို ငါးလအတွင်း စတင်နိုင်ရန် မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ စီမံကိန်းအတွက် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ပန္နက်တင်အခမ်း အနားကျင်းပခဲ့ပြီး ယင်းအခမ်းအနား အပြီး သုံးလအတွင်း စတင်တည်ဆောက်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အစီအစဉ် ရေးဆွဲထားကြောင်း၊ ဦးစွာချဉ်းကပ်တံတား စတင်တည်ဆောက် မည်ဖြစ်ပြီး ယင်းတံတားပြီးစီးမှသာ ပင်မတံတား တည်ဆောက်ရန် မူလလုပ်ငန်းစဉ်အတိုင်း သတ်မှတ်ကာလပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ပင်မတံတားပုံစံ ပြန်လည်ပြင်ဆင်သည့် ကိစ္စရပ်များနှင့် Additional Loan ရရှိရေး အတွက်ဆက်လက် ဆောင်ရွက် ရမည်ဖြစ် သည့်အတွက် ချက်ချင်း စတင်ဆောင်ရွက် နိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိတွင် ချဉ်းကပ် တံတားများ အတွက် ဒီဇိုင်းများ ထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
''တံတားတည်ဆောက်ဖို့ ငါးလအတွင်း စတင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက် လုပ်ဆောင်နေတာကြောင့် မစတင်နိုင်သေးတာပါ။ လက်ရှိမှာတော့ မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင်ရုံးကို ရွှေ့ပြောင်း တာတွေ၊ ကမ်းနားက အများသုံးသန့်စင်ခန်း၊ တယ်လီနောတာဝါ တိုင်၊ ဘုန်းကြီးလမ်း ဆိပ်ကမ်းဗော တံတား ရွှေ့ပြောင်း နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ နောက်ပြီး အကြို အင်ဂျင်နီယာလုပ်ငန်းတွေ၊ ဆင်ခြေလျှော တံတားတည် ဆောက်ရေး အတွက် မြေနေရာ တိုင်းတာရေးတွေကို ဆောင်ရွက်နေပါပြီ။ တည်ဆောက်ရေးကာလ ကိုတော့ ၃၉ လ သတ်မှတ် ထားပါတယ်''ဟု ဦးကျော်ကောင်းချိုက ပြောသည်။
ရန်ကုန်- ဒလမြစ်ကူး တံတားသည် သံမဏိ ကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ပြီး အမြင့် ပေ ၄၉ မီတာ၊ အကျယ်အား ဖြင့် ၁၅၁ မီတာ၊ ပင်မတံတားအရှည် ၁၉၃၆ပေ စုစုပေါင်း တံတားအရှည်ပေ ၆၁၄၃ပေရှိပြီးလေးလမ်းသွား တံတားဖြစ် သည်။ ၂ဝ၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြီးစီးမည်ဖြစ်ပြီး လက်ရှိ တံတားတည်ဆောက်ရေးအတွက် ကန်ထရိုက်တာ လုပ်ငန်း စတင်နိုင်မည့် ကာလကို ဧပြီလဆန်းမှ ဧပြီ ဒုတိယပတ်အတွင်း သတ်မှတ်ထားကာ ယင်းကာလမှ နှစ်လ အတွင်း စက်ယန္တရားများ၊ စက်ပစ္စည်းများ ရွှေ့ပြောင်းခြင်း လုပ်ငန်းများ စတင် ဆောင်ရွက်မည်ဖြစ်သည်။
တံတား တည်ဆောက်ရေးအတွက် အသုံး ပြုမည့် စက်ယန္တရားနှင့် စက်ပစ္စည်းများတွင် တောင်ကိုရီးယား နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံ တို့မှလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။