ကျပ်သန်း ၅၅၀၀ ကုန်ကျခံတည်ဆောက်မည့် ပဲခူးမြစ်ကူးတံတား(ဒါးပိန်-သပြု) တည်ဆောက်ရေးစီမံကိန်းအတွက် ပန္တွက်တင်အခမ်းအနားအား ဧပြီ ၆ ရက်နေ့တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့ (၁၀) မှတည်ဆောက်မည့် ဆားတလင်း-ဒါးပိန်-ကျွဲကူဆိပ်လမ်းနှင့် သပြု-ရှမ်းကံ-ကဝလမ်းအားဆက်သွယ်မည့် ပဲခူးမြစ်ကူးတံတား(ဒါးပိန်-သပြု) တည်ဆောက်ရေးစီမံကိန်းပန္တွတော်တင်တွင်းတော်ဝန်းမင်္ဂလာအခမ်းအနားကို လှည်းကူးမြို့နယ်ကျွဲကူးဆိပ်ကျေးရွာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က တံတားတည်ဆောက်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က နှုတ်ခွန်းဆက်အမှာ စကားပြောကြားခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ခွင့်ပြုရန်ပုံငွေတို့ဖြင့် တည်ဆောက်မည့် ပဲခူးမြစ်ကူးတံတား(ဒါးပိန်-သပြု) စီမံကိန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်တွင် စတင်အသုံးပြုနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ တံတားအရှည်သည် ၁၀၅၀ ပေ၊ ယာဉ်သွားလမ်း ၂၈ ပေ၊ လူသွားလမ်းတစ်ဖက်လျှင် သုံးပေ သုံးလက်မစီပါဝင်သည့်နှစ်လမ်းသွားသံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ခန့်မှန်းတန်ဖိုးမှာ ကျပ် ၅၅၀၀ သန်းခန့်ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားသည် ပဲခူးတိုင်းဒေသကြီးတွင် သပြုမှတစ်ဆင့် ရှမ်းကံ-ကဝသို့ဆက်သွယ်သည့် လမ်းပေါ်တွင်တည်ဆောက်မည့် တံတားဖြစ်ပြီး ကဝမြို့မှ ပဲခူးမြို့သို့ ကျိုက်ပဒိုင်-တာဝ-ဖလေးလမ်းမှတစ်ဆင့် တိုက်ရိုက်ရောက်ရှိမည့် လမ်းဖြစ်ကြောင်း၊ ပဲခူးမြစ်ကူးတံတား(ဒါးပိန်-သပြု) တည်ဆောက်ပြီးစီး ပါက ပဲခူးတိုင်းဒေသကြီးအုန်းနှဲ၊ သက္ကလ၊ သနပ်ပင်မြို့များမှ ရန်ကုန်တိုင်းဒေသကြီးသို့ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။