ရန်ကုန်မြို့ကမ်းနားလမ်းတစ်လျှောက်တွင် မောင်းနှင်နေသောကွန်တိန်နာယာဉ်များရပ်နားနိုင်ရန်အတွက် မြေ ၂၄ ဧကကျော်တွင် ယာဉ်ရပ်နားကွင်းတစ်ခုကိုသန်လျင်မြို့နယ်တွင်တည်ဆောက်ရန်စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်ပြောကြားချက်အရ စက်တာဘာလ ၂၀ ရက်တွင်သိရသည်။
ကွန်တိန်နာကားများသည် ယာဉ်အစီးရေးများပြားသည့်အပြင်ကိုယ်ထည်ကြီးမားမှုကြောင့် ယာဉ်ရပ်နားရန်အခက်အခဲများရှိသည့်အတွက် သန်လျင်မြို့နယ်ရှိ မြေဧက ၂၄ ဒသမ ၅၈၈ ဧကတွင်ကုန်သေတ္တာယာဉ်ရပ်နားကွင်းဖော်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲက စီမံဆောင်ရွက်နေကြောင်းသိရသည်။
“သန်လျင်မြို့နယ်အတွင်းမှာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲသည့်မြေနေရာမှာလုပ်မှာပါ။ မြန်မာနိုင်ငံကုန်သေတ္တာယာဉ်အသင်းကို ငှားရမ်းပေးသွားနိုင်ဖို့စီစဉ်နေပါတယ်” ဟု၎င်းကပြောသည်။
ရန်ကုန်မြို့ကမ်းနားလမ်းတစ်လျှောက်တွင်မောင်းနှင်နေသောကုန်တင်ယာဉ်များသည် နှစ်ထပ်ရပ်နားမှုျများရှိသည့်အတွက် ဗိုလ်တထောင်မြို့နယ်တွင်ယာဉ်ကြောပိတ်ဆို့မှုများမကြာခဏဖြစ်ပွားသည့်အတွက် သွားလာရေးတွင် အခက်အခဲများရှိနေကြောင်းသိရသည်။
လက်ရှိတွင် ကုန်တင်ယာဉ်များကို နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်းယာယီပြေးဆွဲခွင့်ပြုထားပြီး ညပိုင်းတွင် ၈ နာရီမှ နံနက် ၆ နာရီထိခွင့်ပြုထားကြောင်းနှင့် ကွန်တိန်နာယာဉ်အစီးရေ ၈၀၀၀ ကျော်ကိုလည်း GPS များတပ်ဆင်စောင့်ကြည့်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။