ယနေ့ ကန်ထရိုက် လောက


13 November, 2020

လွန်ခဲ့သော နှစ်နှစ်မှ သုံးနှစ်တာကာလတွင် ယခင်က ရေပန်းစားခဲ့သော ကန်ထရိုက်တိုက်ဆောက်သည့် စျေးကွက်ကြီးပျက်ခဲ့ရသည်။ ထိုစဉ်ကကန်ထရိုက်တာအများအပြားမှလိုင်စင်မရှိဘဲအခြားသူထံမှငှားရမ်းလုပ်ကိုင်ကြပြီးသူတို့နိုင်သည့်ငွေ ထက်များစွာ ပိုမိုပြီး တိုက်များဆောက်ကြရာတွင် ဝယ်လိုအားနည်းပါးသွားသည့်အခါ ငွေမလည်တော့ပဲ ဆောက်လက်စ တိုက်များကို ထားကာထွက်ပြေးသည်အထိ ရှိခဲ့ကြသည်။

ထို့ကြောင့် မိမိမြေပေါ်တွင် တိုက်ဆောက်ရန်ကန်ထရိုက်တာကို လွှဲအပ်ထားသူမြေရှင်အများအပြားဒုက္ခရောက်ခဲ့ကြရသည်။ တိုက်ကဆောက်လက်စဖြစ်သဖြင့်ပြန်လည်ရောင်းချ၍လည်းမရ၊မိမိမြေပေါ်တွင်မပြီးသေးသောတိုက်ပေါ်တွင်လည်း ကိုယ်တိုင်တက်နေရန်လည်းမဖြစ်၊ မြေကိုလည်းရောင်းမရတော့သဖြင့် မြေပိုင်ရှင်အဖြစ်မှ အိမ်ငှားဖြစ်သွားခဲ့ကြရသည်။

မြေရှင်များသာမက တိုက်ဆောက်မပြီးခင် ငွေကြိုပေးပြီး ဝယ်ကြသည့် ကြိုပွိုင့်ဝယ်လက်များလည်း ထိုဂယက်ကြောင့်ထိခိုက်ခဲ့ရသည်။ စနစ်တကျ ဖွံ့ဖြိုးခဲ့ခြင်းမဟုတ်ဘဲ ကျယ်ပြန့်လာခဲ့သည့်အတွက် ပြဿနာအများအပြားနှင့် စျေးကွက်ပျက်သွားခဲ့ရသော်လည်း ရန်ကုန်သည် အိမ်ခန်းများကို ဆာလောင်နေသောမြို့ ဖြစ်နေတုန်းပင်ဖြစ်သည်။

သန်းခေါင်စာရင်းအချက် အလက်အရ ရန်ကုန်တွင် လက်ရှိအိမ်ခန်း တစ်သန်းခွဲကျော်ရှိပြီး တိုးပွားလာမည့်လူဦးရေအတွက် နောက်ထပ်အိမ်ရာ အခန်းပေါင်း တစ်သန်းကျော် လိုအပ်မည် ဖြစ်ကာ အဆိုပါအိမ်ရာလိုအပ်ချက်၏ ၂ဝ ရာခိုင်နှုန်းခန့်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံဖြည့်တင်း ပေးနိုင်မည်ဖြစ်ပြီး ကျန်ပမာဏကို ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းများ ကသာ ဆောင်ရွက်နိုင်မည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနကပြောကြားထားသည်။

ကန်ထရိုက်စျေးကွက်ပျက် သွားသော်လည်း ထိုသို့ စျေးကွက်လိုအပ်ချက် ရှိသဖြင့် တစ်နည်းတစ်ဖုံအားဖြင့်စျေးကွက်မှာ ပြန်လည်အရည် တည်လာနေသည်ဟု စျေးကွက်ရင်းမြစ်များက ပြောကြသည်။သို့သော်လည်း အလေ့အထများကတော့ ယခင်နှင့်မတူ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ကန်ထရိုက်တိုက်ဆောက်ရန် အပ်လိုသူများ ယခင်ထက်သိသိသာသာနည်းသွားသလို ဆောက်လုပ်လိုသူများကလည်း မည်သူ့ကိုယုံရမည်ကို မသိသဖြင့် အရပ်ကန်ထရိုက်များထက် လက်ကြီးကုမ္ပဏီများကိုသာ အပ်နှံတော့ကြောင်း ကန်ထရိုက်တာ တစ်ဦးထံမှ သိရသည်။ အစိုးရမှ တင်ဒါခေါ်သည့် ဆောက်လုပ်ရေးစီမံချက်များတွင်ပါ ကန်ထရိုက်အငယ်နှင့် အလတ်များကို ချမပေးတော့ဘဲ ကုမ္ပဏီများကိုသာချပေးတော့သည်ကို တွေ့ရကြောင်း သိရသည်။

စျေးကွက်ထိခိုက်ပြီးနောက်အိမ်ခန်းဝယ်ယူလိုသူလည်းနည်းပါးသဖြင့် ကန်ထရိုက်တိုက်ဆောက်လုပ်သူများ သည် အခန်းကို အရောင်းထက် အငှားဘက်သို့ပိုမိုဦးစားပေးလာကြသည်ကို သိရသည်။ ထိုသို့သောအခြေအနေများအပြင် ပုဂ္ဂလိကဘဏ်မှ ကြားခံဆောင်ရွက်ပေးသဖြင့် ကြိုပွိုင့်ဝယ်ယူသည့်ပုံစံတစ်မျိုးလည်း အသစ်ဖြစ်ပေါ်လာသည်။ ထိုပုံစံသည် ယခင်က မရှိသလောက်ရှားပါးသော အခြေအနေဖြစ်သည်။

ကြိုပွိုင့်ဝယ်ယူရခြင်းသည် ငွေကိုခွဲပေးရသဖြင့် သက်သောင့်သက်သာရှိ၍ ဝယ်လိုသော်လည်း ကန်ထရိုက်ပြေးမည် စိုးရိမ်သဖြင့် ယခင်က မဝယ်ခဲ့ရကြောင်း၊ သို့သော်လည်း ဘဏ်နှင့်ချိတ်ဆက်ထားသည့် ကန်ထရိုက်တာကုမ္ပဏီတွေ့သဖြင့် ဝယ်ယူဖြစ်ကြောင်း တောင်ဥက္ကလာပတွင် ကျပ်သိန်း ၃၅ဝ တန် တိုက်ခန်းကြိုပွိုင့်ဝယ်ယူထားသည့် တစ်ဦးမှ ပြောသည်။

ကန်ထရိုက်စျေးကွက်ပျက်ပြီးနောက်နှစ်နှစ်ခန့်အကြာယခုအချိန်အထိထူးထူးခြားခြားပြန်လည်ကောင်းမွန်လာ ခြင်းမရှိသေးကြောင်း၊အစိုးရမှအခြေခံလူတန်းစားဖွံ့ဖြိုးတိုးတက်ရေး အစီအမံများဆောင်ရွက်နိုင်မှသာစျေးကွက ်ပြန်လည်ကောင်းလာနိုင်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းဒုတိယဥက္ကဠ မှ ပြောကြားခဲ့့သည်။

ထို့ပြင် မြို့တော်စည်ပင်က ဆောက်လုပ်ရေးလုပ်ငန်းနှင့်ဆိုင်သော လုပ်ငန်းစဉ်အားလုံး ကိုင်ထားခြင်းကို ဖြေလျှော့ပြီး နိုင်ငံတကာနည်းတူ အင်ဂျင်နီယာအကြံပေးအဖွဲ့၊ ဗိသုကာအကြံပေးအဖွဲ့ စသည့် အကြံပေးဘုတ်အဖွဲ့များထားရန် လိုသည်ဟု ၄င်းကဆိုသည်။ ထိုအဖွဲ့များက ဦးဆောင်ခြင်းဖြင့်ဆောက်လုပ်ရေးလုပ်ငန်းများ စံချိန်မီအောင် ထိန်းသိမ်းလာနိုင်မည်ဟုလည်း ပြောသည်။

ကန်ထရိုက်က ဆောက်လက်စတိုက်ကို ရပ်တန့်ကာ ထွက်ပြေးသည့်ဖြစ်ရပ်များ ထပ်မဖြစ်စေရန် ဥပဒေများဖြင့် သေသေချာချာ တင်းကျပ်သင့်ကြောင်း၊ ဘဏ်များက ငွေချေးရာတွင် သေချာစိစစ်ပြီး စည်းကမ်းများဖြင့် ကိုက်ညီသူများကိုသာ ချေးရန် အမြန်ဆုံးလုပ်သင့်ကြောင်းပြောကြားခဲ့ကြောင်းကို သိရသည်။

Source:Social

Local Read 50 times