မြန်မာ-ကိုရီးယား ချစ်ကြည်ရေးကြိုးတံတားဖြစ်သော ရန်ကုန်-ဒလတံတားစီမံကိန်းမှာ ယခုအခါရေလမ်းကြောင်းအခြေအနေတစ်ရပ်ကြောင့် တံတား ဒီဇိုင်းသစ်ပြန်လည်ရေးဆွဲလျက်ရှိပြီး
ယခုနှစ်ကုန်ပိုင်းမှ ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနတံတားဦးစီးဌာနမှ သိရသည်။
ရေလမ်းအနေအထားအရတံတားခန်းဖွင့်တိုးချဲ့ရန် လိုအပ်နေသောကြောင့် ရေလမ်းကြောင်းချဲ့ရန် ပြန်လည် ရေးဆွဲနေသည်။
ထို့ကြောင့်တံတားဒီဇိုင်းပုံစံပြန်ထုတ်နေသည်။ထုတ်ပြီးလျှင်စတင်တည်ဆောက်ရန် အစီအစဉ်အလိုက် ဆက်လုပ်မည်ဖြစ်သည်။
အဓိက ဆိပ်ကမ်းအာဏာပိုင်နှင့် ညှိနှိုင်းခြင်းသည်လည်း ခန်းဖွင့်ကျယ်ရန် ကိစ္စပင်ဖြစ်သည်။
ထိုကိစ္စများကိုလည်း နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ပြီးသွားပြီ။မူလအစီအစဉ် ဆိုလျှင် ယခုချိန်လောက်ဆိုလျှင် ဆောက်လုပ်ရေးလုပ်ငန်းများ စပြီးလောက်ပြီ။
ယခုတော့ ဒီဇိုင်းသစ်ရေးဆွဲရမည်ဆိုတော့ အချိန်အားဖြင့် လေးလနှင့် ခြောက်လကြား အချိန်ယူရဦးမည်ဖြစ်သည်။
ထိုကြောင့်ဒီဇိုင်းသစ်ရေးဆွဲပြီးချိန်ဆိုလျှင် ဒီနှစ်ကုန်ပိုင်းလောက်တော့ လုပ်ငန်းများ စတင်ဆောင်ရွက်ဖြစ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာနမှ အင်ဂျင်နီယာချုပ်မှ ပြောသည်။
ယင်းတံတား တည်ဆောက်ရန်အတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းလျာထားပြီး ယင်းကုန်ကျမှု အနက် ကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့်
ညီမျှသော ဝမ်ကို ကိုရီးယားနိုင်ငံမှ EDCF Loan ချေးငွေကူညီမှုဖြင့် တည်ဆောက်မည် ဖြစ်သည်။
တံတားတည်ဆောက်မှု စီမံကိန်းကာလမှာ ငါးနှစ်လျာထားပြီး ယာဉ်တစ်စီးချင်းခံနိုင်ဝန် မှာ ၇၅ တန်ဖြစ်သည်။
အဆိုပါ ရန်ကုန်-ဒလ ကြိုးဆိုင်းတံတားကြီး တည်ဆောက်ရန် အတွက် လမ်းအူကြောင်းရွေးချယ်မှုနှင့် ပတ်သက်၍ သုံးကြောင်းရွေးချယ်ကာစမ်းသပ်မှု များပြုလုပ်ခဲ့သော်လည်း
ယခုအခါရန်ကုန်ဘက်ခြမ်း ဘုန်းကြီးလမ်းထိပ်နှင့် ဒလဘက်ခြမ်း ဗိုလ်မင်းရောင် လမ်းတို့ကို ဆက်သွယ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။