ဒလတံတား စီမံကိန်းအတွက် ပြည်သူများကို လျော်ကြေးပေးရန် အနည်းငယ်သာကျန်


27 October, 2020

ရန်ကုန်-ဒလတံတားစီမံကိန်းနှင့် ပတ်သက်ပြီး ပြည်သူများအားလျော်ကြေးပေးရန် အနည်းငယ်သာ ကျန်တော့ကြောင်း သိရသည်။ 


ရန်ကုန်-ဒလတံတားစီမံကိန်းတည်ဆောက်စဉ်ကာလအတွင်းတွင် အများပြည်သူများသွားလာရ လွယ်ကူစေရန်အတွက် လမ်းဖောက်ရန် လိုအပ်သည့်အကျယ်အဝန်းကို မြေရှင်များထံမှ လေးနှစ်တာ မြေငှားခအဖြစ် အိမ်ထောင်စု ၆၈ စုအား ကျပ် ၃၂၈ ဒသမ ၃၇ သိန်းနှင့် ဆိုင်ခန်းများအတွက်လျော်ကြေး ၅၈၈ သိန်းပေးအပ်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

ယင်းမြေငှားခပေးအပ်ပွဲကို မတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဒလမြို့နယ် ကမာဆစ်ရပ်ကွက်၊ ကမာကဆစ်အနောက်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ မတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဒုတိယအကြိမ်အဖြစ်မြေငှားရမ်းခြင်းနှင့် မလွတ်ကင်းသည့် အဆောက်အအုံများဖယ်ပေးရန် အတွက် ကျပ် ၃၂၈ ဒသမ ၃၇ သိန်းနှင့် ဆိုင်ခန်းရှင် ၂၁၃ ဦးအားဆိုင်ခန်းများဖယ်ရှားပေးရန် ကျပ် ၅၈၈ သိန်းပေးအပ်ခဲ့ကြောင်းဆိုင်ခန်းများအတွက်လျော်ကြေးပေးရန် နောက်ထပ်ကျပ် ၄၃ သိန်းသာကျန်တော့ကြောင်းသိရသည်။


ယင်းတံတားစီမံကိန်းနှင့် ပတ်သက်ပြီးဖယ်ပေးရမည့် စာသင်ကျောင်းများအတွက် ပြန်လည်တည်ဆောက် ပေးလျက်ရှိသော်လည်း သာသနိကအဆောက်အအုံများအတွက် မြေနေရာလျှောက်ထားဆဲ ဖြစ်ကြောင်း သိရသည်။ သင်္ကြန်ပြီးသည်နှင့် စီမံကိန်းဆိုင်ရာလုပ်ငန်းများစတင်တော့မည်ဖြစ်ပြီး တံတားဧရိယာအတွင်းဖြတ်သန်းခွင့်ကို စိစစ်သွားမည်ဖြစ်ကြောင်းသိရသည်။


တံတားတည်ဆောက်မည့် ဧရိယာဖြစ်သည့်မီတာ ၄၀ အတွင်းရှိသည့် မလွတ်ကင်းသော ရှစ်ပေသုံးလက်မ အတွက်လေးနှစ်စာငှားရမ်းခပေးခြင်းနှင့် ယင်းဧရိယာအတွင်းအဆောက်အအုံ၊ ဆိုင်ခန်းများဖျက်ခြင်းများ အတွက်လျော်ကြေးပေးခြင်းဖြစ်ကြောင်းနှင့် တံတားတည်ဆောက်နေစဉ်အတွင်း အများပြည်သူများသွားလာရန် လွယ်ကူအဆင်ပြေစေရေးအတွက် တည်ဆောက်ရေးကာလအတွင်း လေးနှစ်တာကာလမြေငှားခြင်းဖြစ်ပြီး တံတားပြီးသည်နှင့် မြေပိုင်ရှင်များ အနေဖြင့် ယင်းမြေကိုပြန်လည်ပိုင်ဆိုင်မည်ဖြစ်ကြောင်းသိရသည်။ ပထမအကြိမ်အဖြစ်တံတားစီမံကိန်းအတွင်းကျရောက်နေသောမြေ ခုနှစ်ပေသုံးလက်မအတွက် သက်ဆိုင်ရာ ပိုင်ရှင်များအားလျော်ကြေးကို ၂၀၁၅-၂၀၁၆ခုနှစ်အတွင်းကျပ်သန်း ၁၀၀၀ ကျော်ပေးပြီးဖြစ်ကြောင်းသိရသည်။


တံတားစီမံကိန်းနှင့် မလွတ်ကင်းသည့်မြေမားျအားလျော်ကြေးပေးဖယ်ရှားခြင်းနှင့် မြေယာယီငှားခြင်းနှင့် ပတ်သက်၍ ကန့်ကွက်သူလုံးဝမရှိကြောင်းသိရသည်။ တံတားကိုကိုရီးယားအဖွဲ့မှဒီဇိုင်းထုတ်လုပ်နေပြီး ယင်းဒီဇိုင်းထုတ်ခြင်းမှာ ရှစ်လခန့်ကြာမည်ဖြစ်ပြီး တံတားကို ၂၀၁၈ ခုနှစ်ဇန်နဝါရီတွင် စတင်တည်ဆောက်နိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။


တံတားတည်ဆောက်မှုမှာ ၂၀၂၁ ခုနှစ်ဇွန်လတွင်ပြီးစီးမည်ဟုခန့်မှန်းထားကြောင်းသိရသည်။ ယင်းတံတားကို ကိုရီးယားနိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ EDCF  Loan မှချေးငွေအမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် ပြည်တွင်းလိုအပ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်းခန့်မှန်းကုန်ကျစရိတ်(အမေရိကန်ဒေါ်လာ) ကျပ်၁၆၈ ဒသမ ၁၇၄ သန်းကုန်ကျမည်ဖြစ်ကြောင်းသိရသည်။


Source:Democracy today

Region Local Read 49 times