ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားဇုန်စီမံကိန်းများ ပြန်လည်စတင်နိုင်ရန် ဆောင် ရွက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကိုယ်စား စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးခင်မောင်ချိုက စက်တင်ဘာ ၁ဝ တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောသည်။
၂ဝဝ၈ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့သော တိုးတက်မှုမရှိသေးသည့် ထားဝယ်စီးပွားရေးဇုန် မူလချုပ်ဆို ထားသည့်စာချုပ်များမှာ မြန်မာနိုင်ငံဘက်မှ များစွာလိုက်လျောထားရသည့် သဘောတူညီချက်များ (Concession Agreement)များဖြစ်နေသဖြင့် မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၊ ထားဝယ်စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီတို့ ပြန်လည်စိစစ်လျက်ရှိသည်ဟု ဦးခင်မောင်ချိုက ဆိုသည်။ ထို့ပြင် ထားဝယ်စီးပွားရေး ဇုန်၏ အီတာလျံထိုင်းကုမ္ပဏီနှင့် ပူးတွဲအကောင်အထည်ဖော်မည့် ကနဦးစီမံကိန်း(Initial Phase)နှင့် ပတ် သက်၍ မြန်မာနိုင်ငံဘက်မှ ဖြည့်ဆည်းပေးရန်ကျန်ရှိသည့် မြေငှားစာချုပ်ချုပ်ဆိုနိုင်ရေးကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း ၎င်းက ပြောသည်။
အလားတူ ထားဝယ်စီးပွားရေးဇုန်နှင့် ထီးခီးနယ်စပ် နှစ်လမ်းသွားကတ္တရာလမ်းအဆင့်မြှင့် ဖောက် လုပ်ရေးအတွက်လည်း Neighbouring Countries Economic Development Cooperation Agency (NEDA)မှ ချေးငွေ ထိုင်းဘတ် ၄ ဒသမ ၅ ဘီလျံကို ထိုင်းနိုင်ငံမှခွင့်ပြုပြီးဖြစ်သည့်အတွက် လမ်းဖောက် လုပ်ရေး လုပ်ငန်းများအတွက် ဆောင်ရွက်လျက်ရှိကြောင်းလည်း ဦးခင်မောင်ချိုက ပြောသည်။
“ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ ပိုမိုမြန်ဆန်စွာဆောင်ရွက်နိုင်ရန် အဆင့်မြင့်ကော်မတီနဲ့ဝန်ကြီးအဆင့်ပူးတွဲကော်မတီအစည်းအဝေးများကိုလည်း မကြာမီခေါ်ယူညှိနှိုင်းရန် ဆောင်ရွက်လျက်ရှိပါတယ်။ ထားဝယ်စီးပွားရေးဇုန်စီမံကိန်းရဲ့ ပင်မစီမံကိန်းအပိုင်းတွင် ဂျပန်နိုင်ငံမှပါဝင်၍ အကောင်အထည်ဖော်နိုင်ရန်ကိစ္စကိုလည်း စီစဉ်ဆွေးနွေးညှိနှိုင်းလျက်ရှိပါတယ်”ဟု ဦးခင်မောင်ချိုက ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍လည်း တင်ဒါအောင်မြင်ထားသည့် CITIC ကုမ္ပဏီနှင့် မူဘောင်သဘောတူညီချက်နှင့် ဆက်စပ်စာချုပ်များသဘောတူညီချက် ချုပ်ဆိုနိုင်ရေးဆွေးနွေးလျက်ရှိပြီး လက် ရှိတွင် ပိုင်ဆိုင်မှုအချိုးအစားအပေါ် သဘောတူညီချက်ရရှိပြီဟု ဆိုသည်။ ရေနက်ဆိပ်ကမ်းကို အသုံးပြုနိုင်မှု အပေါ်မူတည်၍ ဆိပ်ကမ်းကို အဆင့်လေးဆင့်ဖြင့် အဆင့်ဆင့်တည်ဆောက်ရန် သဘောတူညီချက်ရရှိပြီဖြစ်ပြီး မတည်အရင်းအနှီးအတွက် စိုက်ထုတ်ရသည့် ပမာဏလျော့နည်းစေမည်ဟုလည်း ဦးခင်မောင်ချိုက ပြောသည်။
“မူလက ရေနက်ဆိပ်ကမ်းအတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလျံကျော်လျာထားခဲ့ပေမယ့် ပထမတစ်ဆင့်ကိုသာ ဦးစွာတည်ဆောက်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံလောက်နဲ့သာ စတင်နိုင်မှာဖြစ်ပါတယ်”ဟု ပြောသည်။ “ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ပတ်သက်လို့ မကြာမီမှာ မူဘောင် သဘောတူညီချက်ကို ချုပ်ဆိုပြီးတာနဲ့ လုပ်ငန်းများစတင်နိုင်တော့မှာဖြစ်ပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။