ထားဝယ်ကမ်းနားဈေး  အထပ်မြင့်ဈေးဆောက်လုပ်ရန်  စီစဉ်


07 December, 2019

ထားဝယ်မြို့ရှိ ကမ်းနားဈေးနေရာတွင် အထပ်မြင့်ဈေးဆောက်ရန်စီစဉ်နေကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

          လက်ရှိဈေးနေရာတွင် ရင်းနှီးမြှုပ်နှံသူကို ဖိတ်ခေါ်ကာ အထပ်မြင့်ဈေးဆောက်ရန် အတွက် တိုင်းအစိုးရအဖွဲ့က ဈေးသူဈေးသား များ၏သဘောထားကိုရယူရေး ပြောခဲ့ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးကျော်ကျော်ဦးက ပြောဆိုသည်။

          ထိုကြောင့် ဒီဇင်ဘာ ၂၉ ရက်မွန်းလွဲပိုင်း က စည်ပင်ကော်မတီက ထားဝယ်မြို့ ဆိပ်ကမ်းသာပန်းခြံ၌ ဈေးရောင်းသူများအား ဖိတ်ခေါ်ပြီး အထပ်မြင့်ဆောက်မည့် အစီအစဉ်ကိုရှင်းပြ၍ သဘောထားရယူခဲ့ရာ ဈေးသူဈေးသားအများ စုက အထပ်မြင့်ဈေးဆောက်ရန် သဘောတူခဲ့ကြသည်။

          စည်ပင်ကော်မတီက ကောက်ယူထားသည့် စာရင်းများအရ ကမ်းနားဈေးတွင် ဈေးသည် စုစုပေါင်း ၁၁၄၃ ဦးရှိပြီး ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်သော သဘောထားရယူသည့်ပွဲသို့ ဈေးသည် ၁၁၂၃ ဦးတက်ရောက်ခဲ့ကြောင်း လက်မှတ်ရေးထိုးထားသည့်စာရင်းအရ သိရ သည်။

          ကမ်းနားဈေး အထပ်မြင့်ဆောက်ရန် လူမှုရေးနှင့်စည်ပင်ဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ကာ ဈေးသူဈေးသားများ ကျေနပ်မှသာ ရင်းနှီးမြှုပ်နှံသူကို ဖိတ်ခေါ်မည်ဖြစ်ကြောင်း စည်ပင်ကော်မတီအတွင်းရေးမှူးက ပြောဆို သည်။

          အထပ်မြင့်ဈေးဆောက်ရန် လက်ရှိတွင် ညှိနှိုင်းဆဲအဆင့်၌ပင်ရှိသေးပြီး အထပ်အရေ အတွက်ကိုလည်း မသတ်မှတ်ရသေးကြောင်း ၎င်းက ပြောဆိုသည်။

          ကမ်းနားဈေး၏အကျယ်အဝန်းမှာ သုည ဒသမ ၈၈၄ ဧကရှိပြီး စည်ပင်အဖွဲ့က နှစ် ၃၀ မြေငှားဂရန် ရရှိထားသည်။

          အထပ်မြင့်ဈေး ဆောက်ခြင်းနှင့်ပတ်သက်၍ အပြီးသတ်သဘောတူညီမှုရရှိပါက ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်ကို ဖိတ်ခေါ်ရမည်ဖြစ်ပြီး တည်ဆောက်ရေးကာလအတွင်း ထားဝယ်မြစ်ကမ်းနံဘေးတွင် ယာယီနေရာစီစဉ်ပေးမည် ဖြစ်ကြောင်း သိရသည်။

          ဈေးသည်အများစုကမူ ဈေးဆောက်ပြီးပါက မိမိရောင်းချနေသည့်နေရာတွင်ပင် ပြန်လည်ရောင်းချခွင့်ရလိုကြောင်း ပြောဆိုကြသည်။

          ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကမ်းနား ဈေးပျံကျဈေးတန်းကို ငွေကျပ် ၃၁၄၆ သိန်း အသုံးပြုကာ အမိုးတစ်ဆက် တစ်စပ်တည်းရှိသည့်အဆောက်အအုံဆောက်ရန် ကနဦးလျာထားခဲ့သည်။

          ယင်းနောက် မြို့ပြအင်္ဂါရပ်နှင့်အညီ ဖြစ်စေရန် အထပ်မြင့်ဈေးဆောက်ရန် စီစဉ်လာ ခြင်းဖြစ်ကြောင်း သိရသည်။

Region Read 132 times