ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း တခြားကုမ္ပဏီ ပြောင်းလဲလုပ်ကိုင်ခွင့်ပြုရန်စီစဉ်     


06 December, 2020

ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းရဲ့ အပိုင်း(က)ကို လုပ်ကိုင်ခွင့်ရထားတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီအနေနဲ့ လုပ်ငန်းအကောင်အထည်ဖော်တာ အားနည်းနေတာကြောင့် တခြားကုမ္ပဏီကို ပြောင်းလဲလုပ်ကိုင်ခွင့်ပြုဖို့ စီစဉ်နေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

        ဦးအောင်ထူးက ‘ ထားဝယ်မှာ နည်းနည်းလေးနှောင့်နှေးတဲ့ကိစ္စလဲ ဖြေရှင်းဖို့ စီစဉ်နေပါတယ်၊ ဖြေရှင်းဖို့ စီစဉ်နေတာကတော့ ကမ္ပဏီက အလုပ်မဖြစ်ဘူးဖြစ်နေတယ်၊ အဲဒါဆိုရင် နောက်ကုမ္ပဏီတစ်ခုနဲ့ အစားထိုးရမှာပေါ့နော်၊ ဒါပေမဲ့ သူကလဲ စိုက်ထားရတယ်၊ သူက ဒေါ်လာသန်း (၁၃၀)လောက် စိုက်ထားရတယ်၊ စိုက်ထားပြီးဖြစ်နေတော့ နောက်ကုမ္ပဏီက ဝင်ပြီးတော့ လုပ်ချင်တယ်ဆိုရင်တော့ အဲဒီ (၁၃၀)ကို လျော်ပေးရမှာပေါ့ ‘ လို့ ပြောပါတယ်။

        အခုလို ကုမ္ပဏီပြောင်းလဲဖို့ စီစဉ်ရာမှာ သည်အပိုင်း(က)ကို လုပ်ကိုင်ဖို့ ကမ်းလှမ်းလာတဲ့ ကုမ္ပဏီတွေကတော့ တရုတ်ကုမ္ပဏီတွေဖြစ်ပြီး အခုဆိုရင် ကုမ္ပဏီ(၃)ခုလောက် ကမ်းလှမ်းမှုတွေရှိနေပြီလို့ သိရပါတယ်။ တရုတ်ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပေးလိုက်ရင် မြန်မြန်ပြီးမြောက်မှာ သေချာပေမဲ့လည်း မြန်မာအစိုးရအနေနဲ့ ချိန်ချိန်ဆဆ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

        ဒါ့အပြင် အီတာလျံ-ထိုင်းကုမ္ပဏီနဲ့ မြန်မာအစိုးရကြား ချုပ်ဆိုထားတဲ့စာချုပ်အရ အီတာလျံ-ထိုင်းကမ္ပဏီဟာ မိမိဆန္ဒအလျောက်ထွက်သွားမှ တခြားကုမ္ပဏီဝင်လို့ရမှာဖြစ်တာကြောင့် အီတာလျံ-ထိုင်းကုမ္ပဏီက သူ့ဆန္ဒအလျောက်ထွက်မသွားရင်တော့ ဘာမှဆက်လုပ်လို့မရဘူးလို့ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

        ဂျပန်ဘက်ကတော့ သူတို့အနေနဲ့ ထားဝယ်အထူးစီးပွားဇုန်ကဏ္ဍမှာ အပိုင်း(က)က စီမံကိန်းအသေးစားတွေသာ ပါဝင်တဲ့အတွက် လုပ်ကိုင်လိုခြင်းမရှိဘဲ စီမံကိန်းအကြီးစားတွေပါဝင်တဲ့ အပိုင်း(ခ)ကို တည်ဆောက်မှသာ ပါဝင်လာမယ်လို့ သိရပါတယ်။

        ဦးအောင်ထူးက ‘ သူက (ဂျပန်)အီတာလျံ-ထိုင်းနဲ့ ပြီးအောင်လုပ်ပါ၊ လုပ်ပြီးလို့ရှိရင် သူတို့ full-phase ကို သူတို့ဝင်ပါမယ်ဆိုပြီး ပြောတယ်၊ အဲဒီတော့ အဲဒါက အီတာလျံ-ထိုင်းနဲ့ ဘယ်လောက်အကောင်အထည်ဖော်နိုင်တယ်ဆိုတာ မူတည်ပြီးတော့ သူတို့က ဝင်လာမှာ၊ အဲဒီတော့ ဂျပန်ကတော့ long turn ကို ကြည့်တာ ‘ လို့ ပြောပါတယ်။

        ထားဝယ် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဟာ လွန်ခဲ့တဲ့ (၂၀၁၅)ခုနှစ် သြဂုတ်လနဲ့ (၂၀၁၆)ခုနှစ် မေလတို့မှာ မူလပင်မ စီမံကိန်း (၁၉၆)စတုရန်းကီလိုမီတာအနက်မှ လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ (၂၇)စတုရန်းကီလိုမီတာအကျယ်ရှိတဲ့ ထားဝယ် အထူးစီးပွားရေးစီမံကိန်းကို အကောင်အထည်ဖော်ဖို့ အီတာလျံ-ထိုင်းကုမ္ပဏီနဲ့ စီမံကိန်းအလိုက် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့် စာချုပ်တွေကို ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဇုန်အတွင်း အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ အကောင်အထည်ဖော်တာက လုပ်ငန်းစထားတဲ့ အဆင့်လောက်သာရှိသေးတယ်လို့ သိရပါတယ်။

        ဦးအောင်ထူးက ‘ ကျွန်တော်တို့က အရင်တုန်းက စာချုပ်တွေ ချုပ်ထားတာဆိုတော့ ဒီစာချုပ်တွေပြန်ဖျက်ရတာ ဥပဒေကြောင်းအရ တော်တော်ခက်ခဲမှုတွေရှိတယ်၊ အဲဒီတော့ ဒါကို ချိန်ဆရတယ်၊ စဉ်းစားရတာပေါ့နော် ‘ လို့ ပြောပါတယ်။

        ထားဝယ် အထူးစီးပွားရေးဇုန်ဟာ မြောက်ဘက်မှာ မွန်ပြည်နယ်၊ အရှေ့ဘက်နဲ့ တောင်ဘက်မှာ ထိုင်းနိုင်ငံတို့နဲ့ဆက်စပ်တည်ရှိနေတဲ့ အထူးစီးပွားရေးဇုန်တစ်ခု ဖြစ်ပါတယ်။

Region Read 70 times