ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ပတ်သက်သည့် အသေးစိတ်မြေပုံကိုရေးဆွဲခိုင်းထားကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းကပြောသည်။
အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် အသေးစိတ်မြေပုံကို စက်တင်ဘာလ ၁၇ ရက်က ရေဖြူနှင့် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြေစာရင်းဌာနတို့ကို ရေးဆွဲရန်ညွှန်ကြားခဲ့ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ ဒုတိယဥက္ကဋ္ဌ(၁)လည်းဖြစ်သည့်ဦးဖြိုးဝင်းထွန်းက ဆိုသည်။
လက်ရှိ အထူးစီးပွားရေးဇုန်တွင်ရင်းနှီးမြှုပ်နှံရန် ဆက်သွယ်လာသည့်ကုမ္ပဏီများရှိနေပြီး အဆိုပါ ကုမ္ပဏီများကို မြေငှားရမ်းပါက မြေယာကိစ္စများရှင်းရှင်းလင်းလင်း ဖြစ်နေစေရန် မြေပုံရေးဆွဲစေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဒီမြေထဲမှာ ရှင်းရှင်းလင်းလင်းဖြစ်အောင် မြေပုံပေါ့။ ဘယ်နေရာကတော့စားကျက်မြေပယ်ဖျက်၊ ဘယ်နေရာကတော့ဖြင့် ရွာမြေ ၊ ဘယ်နေရာကတော့ဖြင့်ITD လျော်ထားတဲ့မြေပေါ့”ဟု ဦးဖြိုးဝင်းထွန်းက ဆိုသည်။အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် မြေပုံ ယခုနှစ်အတွင်းထွက်ရှိလာမည်ဖြစ်ပြီး မြေပုံထွက်လာပါက မည်ကဲ့သို့လုပ်ဆောင်မည်ကို ကော်မတီအစည်းအဝေးလုပ်ကာဆုံးဖြတ်မယ်ဖြစ်ကြောင်း၎င်းက ပြောသည်။
စီမံကိန်း အသေးစိတ်မြေပုံရေးဆွဲရာတွင် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ မြေယာအရေးကျွမ်းကျင်သူများလူထုအခြေပြုလုပ်သူများနှင့်ဆေးနွေးခြင်း၊ ဒေသခံများကို အသိပေးကြေညာခြင်းများ လုပ်ဆောင်သင့်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာအတွင်း မြေယာအရေးကိစ္စများကိုကူညီပေးနေသူ ဦးလေးလွင်က ဆိုသည်။
“မြို့နယ်အဆင့်နဲ့ပဲ လုပ်မယ်ဆိုရင်ပြဿနာတွေ အများကြီးဖြစ်လာလိမ့်မယ်”ဟု ဦးလေးလွင်က ပြောသည်။ထားဝယ်အထူးစီးပွားရေးဇုန်ကနဦးစီမံကိန်းအတွက် အကျယ်အဝန်း၆၆၇၁ ဧကကျော်ကို အီတာလျှံ-ထိုင်း(ITD) ကုမ္ပဏီက လုပ်ဆောင်မည် ဖြစ်ကြောင်း ဦးဖြိုးဝင်းထွန်းက ဆိုသည်။ယခင်အစိုးရလက်ထက်ထားဝယ်အထူးစီးပွားရေးဇုန်အတွက် စက်မှုမြေငှားဂရမ်လျှောက်ထားခဲ့ချိန်က အစိုးရပိုင်မြေဟု သတ်မှတ်ထားသည့် မြေများတွင် ဒေသခံပိုင်မြေများ ပါဝင်နေခဲ့သည်။ယင်းကြောင့် ဒေသခံများကဝိုင်းဝန်းကန့်ကွက်ခဲ့ဖူးသည်။
ITD ကုမ္ပဏီက လုပ်ကိုင်မည့်ဧရိယာအပါအဝင် စီမံကိန်းတစ်ခုလုံး၏ဧရိယာက ဧက ၄၈၀၀၀ ရှိပြီး ဧက၄၁၀၀၀ ကျော်ကို မြန်မာ၊ ထိုင်းနိုင်ငံနှင့်ဂျပန်နိုင်ငံက ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းအဖြစ် စီးပွားရေးဇုန် – ထီးခီးလမ်း၊လျှပ်စစ်မီးနှင့် ဆိပ်ကမ်းအငယ်အပါအဝင် လုပ်ငန်း အစီအစဉ် ၉ ခုပါဝင်ပြီးလက်ရှိတွင် ထီးခီးလမ်းအဆင့်မြှင့်မည့်ချေးငွေယူရန် ဆုံးဖြတ်ထားသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန်ပါဝင်သော စီမံကိန်းအကောင်အထည်ဖော်ရေး မြန်မာအစိုးရနှင့် ထိုင်းကုမ္ပဏီ ITD တို့ ၂၀၀၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်းအကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့သည်။
Source:Dawei Watch