ထားဝယ်-ဖူနမ်ရွန်လမ်းပိုင်း အဆင့်မြှင့်တင်မည့် စီမံကိန်းဆိုင်ရာအကြံပြု ချက် (၇)ချက်


25 August, 2019

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ထားဝယ်အထူးစီးပွားရေးဇုန်မှ ထိုင်းနိုင်ငံနယ်စပ် ဖူနမ်ရွန် အထိ ဖောက်လုပ်သွားမည့် ထားဝယ် - ဖူနမ်ရွန်လမ်း အဆင့်မြှင့်တင်မည့် စီမံကိန်းဆိုင်ရာအချက်အလက်များကို ပွင့်လင်း မြင်သာစွာ ထုတ်ပြန်ပေးရန် ဒေသခံများမှ တောင်းဆိုထားကြောင်း သိရသည်။
 
(၂၀၁၃)ခုနှစ်က စတင်ဖောက်လုပ်ခဲ့သည့် လမ်းစီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကို သက်ဆိုင်ရာ လမ်းဖောက် လုပ်မည့် ကုမ္ပဏီနှင့် အစိုးရ၊ ဌာနဆိုင်ရာများကို တောင်းဆိုခဲ့သော်လည်း ဒေသခံများသို့ အသိပေးခြင်းမရှိခြင်းခဲ့ကြောင်း စီမံ ကိန်းနှင့် မလွတ်ကင်းသည့် ကျေးရွာ (၇)ရွာမှ ဒေသခံအချို့က ပြောသည်။

တနသာၤရီတိုင်းဒေသကြီး မေတ္တာမြို့နယ်၊ ညောင်တုန်းကျေးရွာမှ ဒေသခံ ဦးစောခိုက “အရင်တုန်းက (၈)လမ်းသွားလုပ်မယ်ပေါ့။ အခု (၂)လမ်းသွား အဆင့်မြှင့်တင်မယ်လို့ပြောတယ်။ ဒါကို ကျွန်တော်တို့က ကြားရတာလောက်ပဲရှိတယ်။ ကျေးရွာတွေအထိ တိကျတဲ့သတင်း အချက်အလက်တွေကို လာရောက်ချပြတာမျိုးမရှိခဲ့ဘူး” ဟု ပြောသည်။

ထို့ကြောင့် ယင်းကာလအတွင်း ဒေသခံများအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မြေယာအတင်းအဓမ္မ သိမ်းဆည်းမှုများ နှင့် ဌာနေတိုင်းရင်းသားတို့၏ အခွင့်အရေးဖြစ်သော လွတ်လပ်၍ ကြိုတင်အသိပေး သဘောတူညီချက်ရယူမှု(FPIC)ကို လေးစား လိုက်နာရန် ပျက်ကွက်ခြင်းတို့ကြောင့် ဌာနေ တိုင်းရင်းသားတို့၏ အသက်မွေးဝမ်းကြောင်း ထိခိုက်မှုများ၊ သဘာဝပတ်ဝန်းကျင် နှင့် မြစ်ချောင်းများ ပျက်စီးမှုတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

SEM ၏ ထားဝယ်အခြေစိုက် ကိုယ်စားလှယ်ဖြစ်သည့် ဦးအောင်လွင်က “ စီမံကိန်းပိုင် မြေယာရယူမှုမှာ ပြဿာနာအကြီး အကျယ်ဖြစ်ခဲ့တယ်။ ဒေသမှာနေတဲ့ ပြည်သူလူထုတွေအနေနဲ့ စီမံကိန်းကို လမ်းတွေကို ပိတ်ပြီးတော့ ကန့်ကွက်ကြတယ်။ စီမံကိန်းကို ရပ်ဆိုင်းဖို့ တောင်းဆိုမှုတွေ အများကြီး ပြုလုပ်ခဲ့တယ်” ဟု ပြောသည်။
 
ထားဝယ်အထူးစီးပွားရေးဇုန်မှ ထိုင်းနိုင်ငံနယ်စပ် ဖူနမ်ရွန်အထိ အရှည် (၁၃၈)ကီလိုမီတာ ရှည်လျားသည့် အဝေးပြေး လမ်းမ ကြီးကို (၂၀၁၀)ခုနှစ်တွင် အီတာလျံထိုင်းကုမ္ပဏီမှ တည်ဆောက်ခဲ့ပြီး (၂၀၁၃)ခုနှစ်၌ စီမံကိန်းရပ်တန့်သွားခဲ့ကြောင်း သိရ သည်။ သို့သော် လက်ရှိ ဖောက်လုပ်ထားပြီးဖြစ်သည့် နှစ်လမ်းသွားမြေသားလမ်း၏ လမ်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို အဆိုပါကုမ္ပဏီမှ ဆက်လက်တာဝန်ယူလုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဒေသခံများအနေဖြင့် ယခင်မြေသားလမ်းဖောက်လုပ်ချိန် ဖြစ်ပွားခဲ့သည့် ပြဿနာများကို မဖြစ်မနေ ဖြေရှင်း ဆောင်ရွက်ပေးရေး၊ ယခင်စီမံကိန်းကြောင့် ပျက်စီးသွားရသည့် ရေအရင်းမြစ်များကို ပြန်လည်ထိန်းသိမ်းပေးရေး၊ မြေသားလမ်း စီမံကိန်းကြောင့် ဖြစ်ပေါ်ခဲ့သည့် မြေယာ ဆုံးရှုံးမှုနှင့် ယင်းမြေယာပေါ်ရှိ ပစ္စည်းဥစ္စာဆုံးရှုံးမှုများအတွက် လျော်ကြေးပေးအပ်ရန်၊ လမ်းဖောက်လုပ်မည့် စီမံကိန်းအတွက် EIA/SIA များကို ပြန်လည်လုပ်ဆောင်ပေးရေးစသည့် အချက်များ ပါဝင်သည့် အကြံပြု ချက် (၇)ချက်ကို ထုတ်ပြန်ထားပြီး ယင်းတို့ကို လေးစားလိုက်နာရန် ဒေသခံပြည်သူများက တောင်းဆိုထားကြောင်း သိရသည်။

 

လက်ရှိ ယင်းလမ်းပိုင်းကို အဆင့်မြှင့်တင်ရန် အိမ်နီးချင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး ကူညီပေးရေးအေဂျင်စီ (NEDA)ထံမှ အမေရိကန်ဒေါ်လာ (၁၂၇)သန်းခန့် ချေးယူရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပြီးဖြစ်ကာ ကွင်းဆင်းလေ့လာမှု များကို လာမည့် စက်တင်ဘာလတွင် အပြီးသတ်မည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်ဒေသ၊ သပြုချောင်းကျေးရွာမှ ဦးစောကဲဒိုက “ဖွံ့ဖြိုးရေးကို ကန့်ကွက်တာမဟုတ်ပါဘူး။ ဖွံ့ဖြိုးရေးကို လိုချင်ပါတယ်။ လိုချင်တဲ့ ဖွံ့ဖြိုးရေးက ကျွန်တော်တို့ရဲ့ မိသားစု၊ ဒေသ၊ ဌာနေ တိုင်းရင်းသားတို့အပေါ် ပျော်ရွှင်မှုပေးနိုင်တဲ့ ဖွံ့ဖြိုးရေးမျိုးပဲ လိုချင်ပါတယ်” ဟု ပြောသည်။

 လက်ရှိ ၂၀၁၂ ခုနှစ်တွင် အဆင့်မြှင့်တင်သွားမည့် နှစ်လမ်းသွားလမ်းဖောက်လုပ်ရေးစီမံကိန်းအတွက် စစ်တမ်းကောက်ခြင်း၊ ဒီဇိုင်းဆွဲခြင်းနှင့် အသေးစိတ်အဆိုပြုလွှာရေးဆွဲခြင်းစသည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့်ပတ်သက်သည့် သတင်းအချက် အလက်များ မရရှိခြင်း၊ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်အဆင့်ဆင့်၌ ထိခိုက်ခံစားရသည့် ဒေသခံများ၏ အမြင်နှင့်ဆန္ဒများကို ဖော်ထုတ်တင်ပြနိုင်မှုမရှိခြင်း၊ (၂၀၁၉)ခုနှစ်၊ မေလ (၁၇)ရက်က ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲတွင် စီမံကိန်းကြောင့် ထိခိုက်ခံစားရသည့် ဒေသခံများမှ ပါဝင်မှုမရှိနိုင်ခဲ့ခြင်းတို့ ဒေသခံများထံမှ သိရသည်။

Local Read 34 times