ထားဝယ်အထူးစီးပွားရေးဇုန် ပထမအဆင့်စီမံကိန်းဖြစ်သည့် ထိုင်းနိုင်ငံနယ်စပ် ကန်ချနာဘူရီမှ စီးပွားရေးဇုန်သို့သွားသည့် နှစ်လမ်းသွား လမ်းမကြီးကို စတင်ရန် မြန်မာ-ထိုင်းပညာရှင်များ လေ့လာဆန်းစစ်မှု စတင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး မှ ပြောကြားကြောင်းသိရသည်။
ယင်းစီမံကိန်းသည် တနင်္သာရီကမ်းမြောင်ဒေသဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ အစိုးရ၏ ချေးငွေဖြင့် တည်ဆောက်မည့် စီမံကိန်းဖြစ်သည်ဖြစ်ကြောင်းသိရသည်။
လက်ရှိမြေပြင်အနေအထားအရ လမ်းဖောက်ရန် ကွင်းဆင်း စစ်ဆေးနေကြောင်း၊ မကြာခင်အချိန်တွင် လမ်းဖောက်နိုင်ရန် အဆင့်လေးများ ကျန်ရှိသေးကြောင်း သိရသည်။
ထားဝယ်အထူးစီးပွားရေးဇုန်သည် အပိုင်းနှစ်ပိုင်းရှိပြီး ပထမအဆင့်ကို မြန်မာနှင့် အီတာလျံ-ထိုင်းကုမ္ပဏီတို့သဘောတူစာချုပ်ခဲ့ပြီး ဒုတိယအဆင့်တွင် မြန်မာ၊ဂျပန်၊ထိုင်း အစိုးရများပါဝင်ရန် သဘောတူထားခြင်းဖြစ်သည်ဟု ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ထံမှ သိရသည်။
ရေရှည်လုပ်ငန်းများတွင် ဂျပန်ပါဝင်နိုင်ရန် ကတိပြုထားကြောင်း ယင်းအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးထံမှ သိရသည်။
ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ထိုင်းဘတ်ငွေ ၄ ဒသမ၅ဘီလီယံ(ကန်ဒေါ်လာ ၁၃၃သန်း)ကို ထိုင်းအစိုးရထံမှ ချေးငွေရယူရန်လွှတ်တော်သို့ တင်ပြ၍အတည်ပြုမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မှ ပြောကြားခဲ့ကြောင်း သိရသည်။
ထိုင်းမှ ဖေဖော်ဝါရီတွင် ယင်းချေးငွေကို ပေးရန် ကမ်းလှမ်းခဲ့ပြီး ယင်းချေးငွေသည် ၈၂မိုင်(၁၃၂ကီလိုမီတာ) ရှည်လျားသော ထိုင်းနိုင်ငံနယ်စပ် ကန်ချနာဘူရီမှ ထားဝယ်အထူးစီးပွားရေးဇုန်သို့သွားသည့်လမ်းမကြီး ဖောက်လုပ်ရန်ဖြစ်သည်။
အဆိုပါချေးငွေသည် နိုင်ငံအစိုးရချင်း ချေးငွေယူခြင်းဖြစ်သော်လည်း မြန်မာအစိုးရက ကုမ္ပဏီများကို ချေးငွေပြန်လည်ပေးအပ်မည်ဖြစ်ကာ အစိုးရက နာမည်ခံ ချေးပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ကန်ဒေါ်လာဘီလီယံ၅၀တန် ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၀၈တွင် မြန်မာ-ထိုင်းနှစ်နိုင်ငံအစိုးရတို့ လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ အီတာလျံထိုင်းကုမ္ပဏီက စတင်အကာင်အထည်ဖော်ခဲ့သည်။
၂၀၁၃တွင် ဘဏ္ဍာရေးအခက်အခဲကြောင့် စီမံကိန်းရပ်ဆိုင်းခဲ့ပြီး ၂၀၁၅ဇူလိုင်က စီမံကိန်းပြန်လည်စတင်ရန် မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံ အစိုးရချင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
7days daily