အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ဝယ်ယူရာတွင် ဝယ်ယူသူအနေဖြင့် အလေးအနက် ဂရုပြုသင့်သော အချက်များ


20 January, 2020

၁။ အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ရောင်းချသူ၏ လက်ဝယ်၌ ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ ပြည့်စုံမှု ရှိမရှိ သေသေချာချာ စေ့စေ့စပ်စပ် စိစစ်ရပါမည်။

- သိန်းပေါင်းရာချီ သို့မဟုတ် သိန်းပေါင်းထောင်ချီ တန်ဖိုးဖြင့် ရောင်းချသော အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ကို ဝယ်ယူခြင်းဖြစ်ပါက စာချုပ်စာတမ်း မှတ်ပုံတင်ကိစ္စရပ်ကို ကောင်းစွာ နားလည်တတ်ကျွမ်း၍ အတွေ့အကြုံရှိသူ ရှေ့နေရှေ့ရပ်ကိုသာ ငှားရမ်း၍ တာဝန်ပေးဆောင်ရွက်စေသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရောင်းသူနှင့်ဝယ်သူတို့ အရောင်းအဝယ်ကိစ္စ ညှိနှိုင်း၍ ပြေလည်မှုရရှိပါက စရန်ပေးကတိစာချုပ် ရေးသားချုပ်ဆိုရာတွင် ပါဝင်ရမည့် ဝယ်သူအား အကာအကွယ်ပေးသည့် စည်းကမ်းချက်များ သို့မဟုတ် သတ်မှတ်ချက်များ ပြည့်ပြည့်စုံစုံ ပါရှိစေရမည့်အပြင်၊ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်း လွှဲပြောင်းရယူမည့်နည်းလမ်း၊ မှတ်ပုံတင်ရုံးတွင် တင်ပြရမည့် စာချုပ်ကြီးကို ဥပဒေနှင့်အညီ ရေးသားတင်ပြရမည်ဖြစ်၍ သာမန်လူတစ်ဦးအား ဆောင်ရွက်စေပါက ပြီးပြည့်စုံမှုရှိနိုင်မည် မဟုတ်သဖြင့် နားလည်တတ် ကျွမ်းသော ရှေ့နေရှေ့ရပ်ကို အမှန်တကယ်ငှားရမ်းဆောင်ရွက်စေသင့်ပါသည်။

- ဝယ်ယူမည့်အိမ်နှင့်မြေ သို့မဟုတ် မြေကွက်တန်ဖိုးသည် သိန်းပေါင်းမြောက်များစွာ တန်ဖိုးရှိပြီး စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း ကိစ္စရပ်တွင် ပြီးပြည့်စုံစွာ တတ်ကျွမ်းခြင်း မရှိသော လျှောက်လွှာစာရေး၊ စာချုပ်စာတမ်း အတွေ့အကြုံ အားနည်းသော ရှေ့နေရှေ့ရပ်ကို ငှားရမ်းဆောင်ရွက်စေမိပါက ဝယ်သူအနေဖြင့် နစ်နာမှုပေါ်ပေါက်ပါက ငွေကြေးဖြင့် ကုစား၍မရနိုင်သည့် နစ်နာဆုံးရှုံးမှု မျိုး ပေါ်ပေါက်လာနိုင်ကြောင်း အထူးသတိပြုသင့်ပါသည်။

- စာချုပ်စာတမ်းမှတ်ပုံတင်ကိစ္စ အမှန်တကယ် တတ်ကျွမ်းနားလည်သော ရှေ့နေရှေ့ရပ်တို့အနေဖြင့် ထိုက်တန်သော ဆောင်ရွက်ခ တောင်းခံရယူမည်ဖြစ်ပါသည်။ ချုပ်ဆိုရမည့် စာချုပ်စာတမ်းတို့ကိုလည်း ပြီးပြည့်စုံအောင် လည်း တာဝန်ယူဆောင်ရွက်ပေးလိမ့်မည်ဖြစ်ပါသည်။

 

၂။ အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ရောင်းချလိုသူသည် ပိုင်ရှင်ကိုယ်တိုင်ဖြစ်ပါက ပိုင်ဆိုင်မှု မှတ်ပုံတင် စာချုပ်စာတမ်းများ (မူရင်း) ၊ မြေဂရန် (မူရင်း) နှင့် လွန်ခဲ့သော (၆) လအတွင်းက ရောင်းချရန် အလို့ငှာ တရားဝင်ကူးယူရရှိထားသော မြေပုံမြေရာဇဝင် (မူရင်း) တို့ကို တင်ပြနိုင်မှသာလျှင် ဝယ်သူအနေဖြင့် အရောင်းအဝယ်ကိစ္စ အလို့ငှာ ရောင်းသူနှင့် ညှိနှိုင်းဆွေးနွေးနိုင်မည်ဖြစ်ပါသည်။

 

၃။ လင်မယားနှစ်ဦး အမည်ပေါက်ပိုင်ဆိုင်သော အိမ်နှင့်မြေ၊ မြေကွက်ဖြစ်ပါက ရောင်းသူဘက်တွင် လင်မယား နှစ်ဦးစလုံး ပါဝင်လက်မှတ်ရေးထိုးရပါမည်။

- အကယ်၍ လင် သို့မဟုတ် မယားတစ်ဦးတည်း၏ အမည်ပေါက်ဖြစ်ပါက အမည်ပေါက်ပိုင်ဆိုင်သူက ရောင်းသူဘက်တွင် လက်မှတ်ရေးထိုး၍ ကျန်အမွေဆိုင် လင် သို့မဟုတ် မယားကို သက်သေအဖြစ် ပါဝင် လက်မှတ်ရေးထိုးစေသင့်ပါသည်။

- မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ တရားဝင် လင်နှင့်မယား ဘဝအဖြစ်သို့ရောက်ရှိလာပါက လင်ပိုင် ပါရင်းပစ္စည်းတွင် မယားက ၁/၃ ပိုင်ဆိုင်ခွင့် အလိုအလျောက် (Vested right) ရရှိသဖြင့် လင်၏ပါရင်းပစ္စည်းကို မယားဖြစ်သူ သဘောမတူပါက လင်၏ သဘောတစ်ခုတည်းဖြင့် ဥပဒေအရ ရောင်းချနိုင်ခွင့် မရှိပါ။

- အလားတူပင် မယား၏ ပါရင်းပစ္စည်းတွင် လင်က ၁/၃ ပိုင်ဆိုင်ခွင့် အလိုအလျောက် (vested right) ရရှိလာသဖြင့် မယားတစ်ဦးတည်း အမည်ပေါက် ပိုင်ဆိုင်သော အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ကို လင်၏သဘောတူညီချက်မရရှိပါက အမည်ပေါက်ပိုင်ဆိုင်သူ မယားသည် ဥပဒေအရ ရောင်းချနိုင်ခွင့်မရှိပါ။

-သို့ဖြစ်ရကား လင် သို့မဟုတ် မယား တစ်ဦးဦး၏ အမည်ပေါက် ပိုင်ဆိုင်သော အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ကို ရောင်းချရာတွင် ကျန်အိမ်ထောင်ဘက်က ထိုသို့ရောင်းချခြင်းကို သဘောတူညီပါကြောင်း သို့မဟုတ် တရားရုံးတွင် ကတိသစ္စာပြုလွှာ ပြုလုပ်ခြင်းဖြင့်ဖြစ်စေ၊ ရောင်းချသည့် စရန်ပေးကတိစာချုပ်နှင့် မှတ်ပုံတင် စာချုပ်ကြီးတွင် သက်သေအဖြစ် ပါဝင်၍ လက်မှတ်ရေးထိုး စေသင့်ပါသည်။

-သို့မှသာ ဝယ်သူအနေဖြင့် နောင်ပေါ်ပေါက်လာမည့် အရှုပ်အရှင်းကို အကာအကွယ် ရရှိနိုင်မည် ဖြစ်ပါသည်။

စာညွှန်း- ဦးဗကြိုင်(ဘီအေ၊ ဘီအယ်လ်)၊ မရွှေ့မပြောင်းနိုင်သည့် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း စသည်များ ရောင်းချခြင်း၊ ဝယ်ယူ၊ ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ၊ စာ- ၁၄

Source: DVB Law Lab

Laws and Regulations Tips Read 523 times