သိထားသင့်သည့် မြေအမျိုးအစား အမျိုးမျိုး


17 November, 2020

မြေဝယ်မည်ဆိုလျှင် မိမိတို့အနေဖြင့်ကိုယ့်ဝယ်မည့်မြေသည်မည်သို့သော အမျိုးအစားဖြစ်သနည်း?ထိုမြေပေါ်တွင် ကိုယ်ဘာတွေလုပ်နိုင်မလဲ?ကိုယ်ဝယ်မဲ့ မြေကို လက်ဝယ်ပိုင်ပိုင်နိုင်နိုင်ဖြစ်ရန် နာမည်ပြောင်း၍ ရမရ ဆိုသည်ကို မဝယ်ယူခင်တွင်

အသေအချာသိရန်လိုအပ်သည်။

မြန်မာပြည်တွင် မြေများနှင့်ပတ်သက်သော အမျိုးအစားများ၊အဆင့်အတန်းများကိုလည်း သတ်မှတ်ထားခြင်းရှိသလို လုပ်ဆောင်နိုင်သော အခြေအနေများလည်း အများကြီးကွာဟနေကြောင်း သိရသည်။

မြေကိုအကြမ်းအားဖြင့် ခုနှစ်မျိုးခွဲခြားထားသည်ကို သိရသည်။လယ်ယာဥယျာဉ်မြေ၊မြေပိုင်မြေ (ဘိုးဘွားပိုင်မြေ)၊ဂရန်မြေ၊ချထားမြေ(ပါမစ်)၊စကွာတာမြေ၊ကျူးကျော်မြေနှင့် သာသနာပိုင်မြေများ ဟူ၍ အမျိုးအစား ခုနှစ်မျိုးခွဲထားသည်။

မြေများကို အဆင့်အတန်း အမျိုးမျိုးခွဲခြားသတ်မှတ်ရောင်းဝယ်လုပ်ကိုင်နေသော်လည်း ၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမှုများခေါင်းစဉ်အောက်ရှိ ပုဒ်မ ၃၇ အရ နိုင်ငံတော်သည်နိုင်ငံအတွင်းရှိ

မြေအားလုံး၊မြေပေါ်မြေအောက်၊ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတ အားလုံး၏ပင်ရင်းပိုင်ရှင်ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားချက်အရ မြေအားလုံး၏မူရင်းပိုင်ရှင်မှာ နိုင်ငံတော်ဖြစ်ပြီး ပြည်သူများသို့ အငှားချထားခြင်း၊ခွင့်ပြုပေးထားခြင်းသာ ရှိပြီး

မြေအမျိုုးအစား အလိုက်ရောင်းဝယ်ဖောက်ကားလုပ်ပိုင်ခွင့် များသည်လည်း ကွာဟနိုင်စေသည်။

၁။လယ်ယာဥယျာဉ်မြေ

စိုက်ပျိုးရေးလုပ်ငန်းများအတွက်သာ အသုံးပြုခွင့်ရသော သီးသန့်မြေမျိုးဖြစ်ပြီး လယ်ယာမြေဥပဒေသစ်အရအခြားသူ တစ်ဦးတစ်ယောက် ထံသို့ လွှဲပြောင်းနိုင်သည်။ယင်းမြေအမျိုးအစားမှ လူနေအိမ်မြေအဖြစ် ပြောင်းလဲအသုံးချနိုင်ရန် အတွက်ပုဒ်မ ၃၉ဖြင့်

အကျုံးဝင်ခြင်းသည်ပြောင်းနိုင်သော်လည်း နိုင်ငံတော်၏စီမံကိန်းဝင် လုပ်ငန်းကြီးများနှင့် မြို့သစ်များ ဖော်ထုတ်ခြင်း၊စက်မှုဇုန်သစ်များဖော်ထုတ်ခြင်းအစရှိသည့် ကိစ္စရပ်များမှ လွဲပြီး မြို့မြေအဖြစ်အလွယ်တကူပြောင်းလဲနိုင်ရန် ခက်ခဲသည့်မြေအမျိုးအစားဖြစ်သည်။

လန-၃၉ကျပြီးမှသာ ယင်းမြေများကို အလွယ်တကူ ခွဲစိတ်ရောင်းချပေါင်နှံခွင့် ရှိသည့်မြေအမျိုးအစားဖြစ်သည်။

၂။မြေပိုင်မြေ(ဘိုးဘွားပိုင်မြေ)

အင်္ဂလိပ်အစိုးရလက်ထက်တွင် မြို့ကွက်များကိုဖော်ထုတ်ခြင်း၊မြို့များကို ပြင်ဆင်ချဲ့ထွင်ပြီးအများပြည်သူတို့အား ရောင်းချခဲ့သည့် မြေနှင့် လယ်ယာမြေများကို နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေအရ လယ်ယာဥယျာဉ်ခြံမြေများအဖြစ်မှ ပြောင်းလဲထားသည့် မြေ ဖြစ်သည်။အဆိုပါမြေကို ရောင်းပေါင်၊ခွဲစိတ်၊လွှဲပြောင်းနိုင်သည်။

၃။ဂရန်မြေ(မြေငှားစာချုပ်မြေ)

နိုင်ငံတော်မှ ပြည်သူများသို့သတ်မှတ်ထားသည့် မြေဧရိယာအလိုက် နှစ် ၉ဝ၊နှစ် ၆ဝနှင့် နှစ် ၃ဝကာလအပိုင်းအခြားအလိုက် ငှားရမ်းပေးထားသည့်မြေမျိုးဖြစ်ပြီး ရောင်းဝယ်၊ပေါင်နှံ၊ခွဲစိတ်လွှဲပြောင်းနိုင်ပြီး အရောင်းအဝယ်ပြုလုပ်ရာတွင်လည်း ခိုင်မာမှုနှင့်တရားဝင်မှုအရှိဆုံးမြေအမျိုးအစားဖြစ်သည်။

၄။ချထားမြေ(ပါမစ်မြေ)

မြေငှားစာချုပ်(ဂရန်)မရှိသေးသော်လည်း နိုင်ငံတော်အစိုးရမှ တရားဝင်ချထားပေးသော မြေအမျိုးအစားဖြစ်သည်။ဥပဒေသတ်မှတ်ချက်များအရ နိုင်ငံတော်မှ တရားဝင်ချထားပေးသူမှ အပ တစ်ခြားသူများသို့ လွှဲပြောင်းရောင်းချခွင့်မရှိသည့် မြေအမျိုးအစားဖြစ်သည်။

ပါမစ်ချထားပြီး တစ်နှစ်ပြည့်မြောက်သည့်အချိန်မှ စတင်ကာ မြေငှားစာချုပ်ကို ထုတ်ယူနိုင်ပြီးမှ သာ တရားဝင်ခွဲစိတ်၊ပေါင်နှံရောင်းဝယ်ခြင်းကို ခွင့်ပြုထားကြောင်း သိရသည်။

၅။စကွာတာမြေ

ယနေ့ခေတ်တွင် အလွန်ရှားပါးသည့် မြေအမျိုးအစားဖြစ်သည်။အင်္ဂလိပ်အစိုးရလက်ထက်တွင် မြေငှားခ မပေးနိုင်သဖြင့် မြေငှားဂရန် မရရှိသူများကို အလွန်ချိုသာသည့် နှုန်းထားတစ်ရပ်ဖြင့် နေထိုင်ခွင့် ပေးထားခဲ့သည့် မြေအမျိုးအစားဖြစ်သည်။

ထို့အပြင် မြေငှားစာချုပ် စည်းကမ်းဖောက်ဖျက်သည့် မြေများနှင့် ဂရန် သက်တမ်းကုန်သော်လည်း ယင်းမြေပေါ်တွင် ဆက်လက်နေထိုင်ပြီးမြေခွန်များကို မှန်မှန်ပေးဆောင်ခဲ့သူများ၊ယင်းမြေအငှားချထားခြင်း ခံရသူအနေဖြင့် ယနေ့ခေတ်တွင် ဂရန်မြေအဖြစ် လျှောက်ထားနိုင်သည်။

မြေငှားစာချုပ်(ဂရန်)ကျပြီးမှသာ ရောင်းဝယ်ပေါင်နှံခွင့်ရှိသည်။

၆။ကျူးကျော်မြေ

မြေငှားစာချုပ်လည်း မရှိ သလို၊သက်ဆိုင်ရာမှ နေရာချထားပေးခြင်းမရှိပဲ အစိုးရမြေ သို့မဟုတ် ပုဂ္ဂလိကမြေပေါ်တွင် ကျူးကျော်နေအိမ်ဆောက်လုပ်ထားသည့် မြေအမျိုးအစားဖြစ်သည်။

ယင်းကျုးကျော်မြေမာျးကိုလည်း နိုင်ငံတော်မှ စီစစ်ပြီး စီမံကိန်းတစ်ရပ်ရပ်ပေါ်ပေါက်ပါက ဖယ်ရှားခံရပါသည်။အင်္ဂလိပ်အစိုးရလက်ထက်တွင် အစိုးရမှ ယင်းမြေကို လတ်တ်လောအသုံးမပြုသေးပါက အခွန်အခသတ်မှတ်ပြီး ကျူးဂရန်သတ်မှတ်ကာ မြေငှားခ ထမ်းဆောင်စေခဲ့သော်လည်း ယနေ့ခေတ်တွင် အသုံးပြုခြင်းမရှိတော့ပါ။ယင်းမြေများကို ရောင်းဝယ်ပေါင်နှံခွဲစိတ်ခွင့်မရှိပါ။

၇။သာသနာ့ပိုင်မြေ

ဘုရားဝတ္တမှ မြေ၊ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ဗလီ၊ဟိန္ဒူဘုရားကျောင်း၊ဘုန်းတော်ကြီးကျောင်းပိုင်မြေများနှင့် သာသာရေးနှင့် ကိုးကွယ်ဝတ်ပြုမှုနှင့် သက်ဆိုင်သည့်မြေများဖြစ်ကြောင်း သိရသည်။

 

Tips Read 551 times