သီလဝါတွင် ဂျပန်တိုယိုတာကုမ္ပဏီ မှ ကားစက်ရုံဆောက်ရန်ဆွေးနွေး


09 November, 2020

မြန်မာနှင့် ဂျပန်တို့ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံ၏ ထိပ်တန်း မော်တော်ယာဉ် ကုမ္ပဏီတိုယိုတာမှ လာရောက်ရင်းနှီးမြှုပ်နှံပြီး စက်ရုံဆောက်ရန်ဆွေးနွေးမှုများရှိ ကြောင်း သီလဝါ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်အသစ်ထုတ်လုပ်မှုလုပ်ဆောင်နိုင်ရန် အတွက် အစိုးရ၏မော်တော်ယာဉ်တင်သွင်း မှုနှင့် ပတ်သက်သည့် ကားမူဝါဒအပေါ်တွင် မူတည်နေကြောင်း ယင်းစီမံခန့်ခွဲမှုကော်မတီ၏ အတွင်းရေးမှူးမှ ပြောကြားကြောင်းသိရသည်။

ကားအသစ်ထုတ်မည်ဆိုလျှင်အစိုးရ၏ ပေါ်လစီအပေါ်တွင်အများကြီး မူတည်နေကြောင်း တိုယိုတာလာမည်ဆိုပါက သူနှင့်တွဲပါလာမည့် ကုမ္ပဏီများ ရာနှင့်ချီလိုက်လာနိုင်သောကြောင့် နိုင်ငံအတွက် အထောက်အကူဖြစ်ကြောင်း သိရသည်။

ထို့သို့ရင်းနှီးမြှုပ်နှံမှုများလာရောက်ရန်ရှိနေသည့် အခြေအနေများနှင့် ပတ်သက်ပြီး သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် ပြည်ထောင်စုအစိုးရအကြား ဆွေးနွေးမှုများ ရှိကြောင်း သိရသည်။

ကားအဟောင်းတင်သွင်းမှုအား ပိတ်မည်လား တင်သွင်းမှုအရေအတွက်လျှော့ချမည်လား ထိုသို့သော အခြေအနေမျိုးမှ သာ ရင်းနှီး မြှုပ်နှံနိုင်မည်ဖြစ်ကြောင်း၊ အစိုးရနှင့် ဆွေးနွေးနေကြောင်း ၊လုပ်ငန်းများအားတစ်ဆင့်ချင်း သွားရမည်ဖြစ်သည့်အတွက် အချိန်ယူရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့သောရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက နိုင်ငံ၏စီးပွားရေး၊ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်နိုင်မည့်အပြင် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများပါ ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း အတွင်းရေးမှူး မှ ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံအခြေစိုက် မော်တော်ယာဉ်ကုမ္ပဏီများဖြစ်သည့် ဆူဇူကီးနှင့် Nissan တို့မှ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။

ပြည်ပမှ တစ်ဦးချင်းပါမစ်(free Permit)ဖြင့် တင်သွင်းသည့် မော်တော်ယာဉ်များကို ရန်ကုန်လိုင်စင်ထုတ်မပေးသော်လည်း ပြည်တွင်း ၌တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်များကို ရန်ကုန်လိုင်စင် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

The Voice

Infrastructure and Zones Read 42 times