ငွေကြေးချမ်းသာသူအချို့က ကျပ်ငွေတန်ဖိုးအပေါ် ယုံကြည်မှုကျဆင်းပြီး အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိလာသည်ဟု ပြည်တွင်းအိမ်ခြံမြေအကျိုးဆောင်အချို့ကပြောသည်။
ကန်ဒေါ်လာတန်ဖိုး မတည်ငြိမ်ဘဲဆက်တိုက်မြင့်တက်ခြင်း၊ ရွှေဈေးနှုန်းစံချိန်တင်မြင့်တက်ခြင်း ကြုံတွေ့နေရချိန်တွင် ငွေကြေးကြွယ်ဝသူအချို့က အိမ်ခြံမြေအပေါ် ပြန်လည်အာရုံစိုက်မှုရှိလာသည်ဟု ၎င်းတို့က ဆိုသည်။
‘‘ငွေကိုင်မထားလိုသူတွေ က အိမ်ခြံမြေဘက်ကို စိတ်ဝင်စား မှုတွေပြလာတယ်’’ဟု iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။
ကန်ဒေါ်လာတန်ဖိုးမြင့်တက်ခြင်း ဂယက်က အိမ်ခြံမြေ ဈေးကွက်၌ အနည်းငယ်လှုပ်ခတ်မှုရှိ သော်လည်း အားရစရာမရှိသေးကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက ပြောသည်။
‘‘ရေထပွက်တဲ့ပုံစံမျိုးပေါ့’’ ဟု လက်ရှိအိမ်ခြံမြေဈေးကွက် အခြေအနေကို ဦးသန်းဦးက ပြောသည်။ လက်ရှိအိမ်ခြံမြေဈေး ကွက်တွင် ကျပ်သိန်း ၁,၀၀၀ ခန့် တန်ဖိုးရှိ ခြံမြေများနှင့် ကျပ်သိန်း ၃,၀၀၀ မှ ၄,၀၀၀ တန်ဖိုးရှိ အိမ် ခြံမြေအချို့ အရောင်းအဝယ်အနည်းငယ်ရှိသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
၂ဝ၁၃ အိမ်ခြံမြေဈေးကွက် အကောင်းဆုံးအချိန် ဈေးနှုန်းများ နှင့် လက်ရှိအချိန်နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း အကြား ဈေးကျဆင်းခဲ့ကြောင်း ဦးသန်းဦးက ဆိုသည်။ပြည်တွင်းအိမ်ခြံမြေဈေး ကွက်သည် မြင့်မားနေသော အခွန်နှုန်းထားပြင်ဆင်လျှော့ချမှုများ ပြု လုပ်ပေးမှသာ ပြန်လည်အား ကောင်းလာနိုင်မည်ဟု စိုင်းခွန်နောင်အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ ဥက္ကဋ္ဌဦးစိုင်းခွန်နောင် က သုံးသပ်သည်။
‘‘အခွန်လျှော့မယ့် အချိန်ကို စောင့်နေသူတွေရှိတယ်’’ဟု ဦး စိုင်းခွန်နောင်က ပြောသည်။
မြန်မာနိုင်ငံတွင် အိမ်ခြံမြေ အပါအဝင် အခြေခံပစ္စည်းများ ဝယ်ယူရာတွင် တစ်ကျပ်မှ ကျပ် သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ မှ ကျပ်သိန်း ၁,ဝဝဝ အထိ ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁,ဝဝဝ အထက် ၃၀ ရာခိုင်နှုန်းအခွန်ကောက်ခံသည်။တရားဝင်အခွန်ဆောင်ထား ခြင်းမရှိသည့် ဝင်ငွေများဖြင့် ဝယ်ယူခြင်းကို အခွန်ပေးဆောင်ရန် အစိုးရက သတ်မှတ်ပြဋ္ဌာန်းထားသည်။ ထိုအခွန်နှုန်းထားသည် ပေးဆောင်မည့်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး အခွန်ရှောင်မှုများကြောင့် နိုင်ငံတော်အတွက်လည်း အခွန်ငွေများ ဆုံးရှုံးစေသဖြင့် အခွန်နှုန်းထားလျှော့ပေးရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက ပြောသည်။
တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀မှ ၁,၀၀၀ အကြား ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ အထက် ၁၅ရာခိုင်နှုန်းသတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် ၎င်းကတင်ပြသည်။အိမ်ခြံမြေဈေးကွက်တွင် တိုက်ခန်းနှင့်ကွန်ဒိုဈေးကွက်က အရစ်ကျစနစ်ဖြင့် ဝယ်လိုသူတိုး လာကြောင်း အိမ်ခြံမြေပြပွဲများ ဦးဆောင်ကျင်းပနေသည့် iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ဦးနေမင်းသူက ပြောသည်။
ကျပ်သိန်း ၅၀၀ တန်တိုက် ခန်းများနှင့် ကျပ်သိန်း ၁,၀၀၀ တန်ဖိုးရှိ ဓာတ်လှေကားတပ်ဆင် ထားသော အငယ်စားကွန်ဒိုတိုက် ခန်းများကို ဘဏ်အရစ်ကျစနစ်၊ တည်ဆောက်သူများက ရောင်းချသည့် အရစ်ကျစနစ်များဖြင့် ဝယ်ယူလိုသူများရှိသည်ဟု ဆိုသည်။ဈေးနှုန်းသည် ၂၀၁၃ က နှင့် လက်ရှိပေါက်ဈေးနှိုင်းယှဉ် လျှင် ၂၅ မှ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း ဦးနေမင်းသူက ပြောသည်။တိုက်ခန်းငှားရမ်းရမှုတွင် ကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းအကြား တိုက်ခန်းများ ငှားရမ်းမှုရှိ ကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့က ပြောသည်။