မန္တလေးတိုင်းအစိုးရ အဖွဲ့၏ကြီးကြပ်မှုဖြင့် ဆောင်ရွက် သည့် မြို့သာစက်မှုဇုန်စီမံကိန်း တွင် လက်ရှိအချိန်အထိ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ကျပ်ဘီလီယံ ၃၃၀ ကျော်အထိရှိလာပြီ ဖြစ်ကြောင်း မြို့သာစက်မှုဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ
ထွန်းထွန်းအောင်ကပြောသည်။
‘‘လက်ရှိအခြေအနေနဲ့ဆို ရင် နိုင်ငံခြားနဲ့ ပြည်တွင်းရင်းနှီး မြှုပ်နှံမှုနှစ်ခုပေါင်းကို ကျပ် ၃၃၈ ဘီလီယံလောက်အထိ ရင်းနှီးမြှုပ်နှံမှုရှိနေပြီ ဖြစ်ပါတယ်။ တည် ဆောက်ပြီး လုပ်ငန်းလည်ပတ် နေတဲ့ စက်ရုံကတော့ ရှစ်ခုအထိ ရှိနေပြီဖြစ်ပါတယ်’’ဟု ဒေါက်တာ ထွန်းထွန်းအောင်က ပြောသည်။မြို့သာ စက်မှုဖွံ့ဖြိုးတိုး တက်ရေး အများပိုင်ကုမ္ပဏီ၏ စာရင်းများအရ လက်ရှိတွင် ပြည် တွင်းရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၂၉၈ ဘီလီယံနှင့် ပြည်ပရင်းနှီး မြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၅၀၈ သန်းအထိ ရှိလာကြောင်း ဖော်ပြထားသည်။
မြို့သာစက်မှုဇုန်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ နယ်သာလန်၊ ဂျပန်နှင့် အမေရိကန်တို့ ဖြစ်ပြီး လက်ရှိတွင် စက်ရုံရှစ်ခု သည် လုပ်ငန်းလည်ပတ်နေကာ တည်ဆောက်ဆဲ စက်ရုံခြောက်ခု အထိ ရှိနေသေးကြောင်း စာရင်းများတွင် ဖော်ပြထားသည်။
‘‘နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကတော့ MIC ကနေ တရားဝင် ခွင့်ပြုထားတဲ့ ပမာဏဖြစ်ပါ တယ်။ သူတို့က အဲဒီထဲကနေ ရင်းနှီးမြှုပ်နှံမှုတွေကို တစ်ပိုင်းချင်း စပြီး လုပ်နေပြီဖြစ်ပါတယ်’’ ဟု ဒေါက်တာထွန်းထွန်းအောင်က ပြောသည်။
မြို့သာစက်မှုဇုန်၌ ပြည် တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများမှ တစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်း ၂,၅၀၀ ကျော် ဖန်တီးပေးနိုင် ပြီး အများစုသည် ဒေသခံများဖြစ် ကြောင်း ၎င်းကပြောသည်။
လက်ရှိ မန္တလေး-မြို့သာ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအများ ပိုင်ကုမ္ပဏီတွင် ရှယ်ယာရှင် ၁,၆၀၀ ကျော်က အစုရှယ်ယာအစုပေါင်း ၁၃၀ ဒသမ ၆ သန်းကျော် ဝယ်ယူကာ ရင်းနှီးမြှုပ်နံှထား ကြောင်း၊ ကုမ္ပဏီအနေဖြင့် ပြီးခဲ့သည့်ငါးနှစ်အတွင်း အစုရှယ်ယာရှင်များကို ၎င်းတို့ရင်းနှီးမြှုပ်နှံထားသည့် ပမာဏ၏ ၅၅ ရာခိုင်နှုန်းအထိ ပြန်လည်ပေးအပ်ထားပြီးဖြစ်ကြောင်း ဒေါက်တာထွန်းထွန်း အောင်က ပြောသည်။