မြန်မာနိုင်ငံ၏ ပထမဆုံးသတင်းအချက်အလက်ဗဟိုဌာန(e-Government Integrated Dat Center (e - GIDC) )ကို တည်ဆောက်နိုင်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရေး ရန်ပုံငွေ (EDCF) ထံမှ ချေးငွေ အမေရိ ကန်ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်းရယူရန် တ်တော်က သဘောတူပြီးဖြစ်သည့်အတွက် ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကပြောသည်။
"ဒီဒေတာစင်တာမှာ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင် Cloud ကို တည်ဆောက်သွားမှာဖြစ်တဲ့အတွက် ကိုယ့် နိုင်ငံရဲ့ သတင်းအချက်အလက်တွေကို ပြည်ပနိုင်ငံတွေမှာ သွားရောက်ထားဖို့ မလိုအပ်တော့ပါဘူး။ ဒါကြောင့် ကိုယ့်နိုင်ငံရဲ့ သတင်းအချက်အလက်တွေ ပြည်တွင်းမှာပဲထားနိုင်မယ့်အတွက်ကြောင့် နိုင်ငံရဲ့ လုံခြုံရေးပိုမိုကောင်းမွန်စေမယ့် အပြင် ပြည်ပနိုင်ငံတွေကို ပေးချေနေရတဲ့ ငွေကြေးကုန်ကျစရိတ်တွေကိုလည်း လျှော့ချသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် e-government စနစ်ကို လွယ်ကူမြန်ဆန်စွာနဲ့ ၂၄ နာရီ ခုနှစ်ရက် ပတ်လုံး ပေးသွားနိုင်မှာဖြစ်ပါတယ်”
ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။
စီမံကိန်းအတွက် ချေးငွေအပြင် နိုင်ငံတော်က အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၆၇ သန်း ထည့်ဝင် ရန် စီစဉ်ထားပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ပြီးစီးရန်ရည်ရွယ်ထားကြောင်း သိရသည်။ သတင်း အချက်အလက်ဗဟိုဌာန (e- GIDC) ကို အုပ်ချုပ်ရေး အချက်အချာကျသည့် နေပြည်တော်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် အချက်အလက်များ ပျက်စီးဆုံးရှုံးမှုမှကာကွယ်ရန် သန်လျင်မြို့နယ်တွင် Disaster Recovery Center (DRC) တစ်ခုကို တစ်ပါတည်း ထည့်သွင်း တည် ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအချက်အလက်ဗဟိုဌာန (e- GIDC) တည်ဆောက်ပြီးစီး ချိန်တွင် နိုင်ငံသားများသည် ပိုမိုကောင်းမွန်သည့် e-Government၏ အသီးအပွင့်များကို ခံစားသွားနိုင်မည်ဖြစ်ပြီး e-GIDC မှ Online Payment,Taxation,e-Mail,e-ID,e-Visa,One-stop-services,Online news,Instant message အစရှိသည့် e-Government Serviceများကို လုံခြုံစွာနှင့် လွယ်ကူမြန်ဆန်စွာ ၂၄ နာရီ ခုနစ်ရက်ပတ်လုံး ဝန်ဆောင်မှုပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။