တရုတ်နိုင်ငံမှ လျှပ်စစ်ကို ဝယ်ယူမည့် မြန်မာ


05 May, 2019

တရုတ်နိုင်ငံမှ လျှပ်စစ် မဂ္ဂါဝပ်  ၁,ဝဝဝ ကို အမြန်ဆုံး ဝယ်ယူသွားမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောသည်။
 
ပြည်တွင်းလျှပ်စစ် လိုအပ်ချက် ဖြည့်ဆည်းရန်နှင့် ပြည်ပသို့ ပြန်လည်ရောင်းချနိုင်ရန်အတွက် ဝယ်ယူခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

"မဂ္ဂါဝပ် ၁၀ဝ၀ က ကျွန်တော်တို့ လိုအပ်ချက်အတွက်လည်း ဖြည့်မယ်။ ပြီးရင် ကျွန်တော်တို့ဆီကတစ်ဆင့် ကျန်တဲ့နိုင်ငံကို ရောင်းဖို့အတွက်လည်း စီမံမှာပေါ့။ မဂ္ဂါဝပ် ၁၀ဝ၀ စလုံး ကျွန်တော်တို့ သုံးလို့ မရနိုင်ဘူး"ဟု ၎င်းက ပြောသည်။
 
လျှပ်စစ်ဓာတ်အား ဝယ်ယူရာတွင် စီးပွားရေး တွက်ခြေကိုက်မှုရှိ၊ မရှိနှင့် အကျိုးအမြတ် ရှိမရှိတို့ကို အခြေခံ၍ အဓိကထား စဉ်းစားဆောင် ရွက်နေပြီး လက်ရှိတွင် လျှပ်စစ်လိုအပ်နေသည့်အတွက် အမြန်ဆုံး စီမံပေးရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြည့်တင်းနိုင်ရေးအတွက် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူနိုင်ရေး နားလည်မှုစာချွှန်လွှာကို နှစ်နိုင်ငံအကြား၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက လက်မှတ်ရေးထိုးထားသည်။၂၀၁၇ ခုနှစ် ကလည်း တူရကီက လျှပ်စစ်ဓာတ်အားပေး သင်္ဘောဖြင့် ရန်ကုန်ကို လျှပ်စစ်ဓာတ်အားပေးရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် တူရကီ ကုမ္ပဏီတို့အကြား ဆွေးနွေးမှုများ ရှိခဲ့သည်။ သို့သော် ယခုအချိန်ထိ ဓာတ်အားဝယ်ယူမှု တစ်စုံတစ်ရာ ထွက်မလာသေးပေ။

"ပြည်သူလက်ခံနိုင်တဲ့ ဈေးနှုန်းဖြစ်အောင် စီစဉ်ပေးရတယ်။ ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။ နိုင်ငံတော်က ဘယ်လောက်အရှုံးခံ စိုက်ထုတ်နေတယ်ဆိုတာ ချပြထားပြီးဖြစ်တယ်။ အဲဒီတော့ မျှတသင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းမယ့်သူကို ဝယ်မှာ"ဟု ဦးစိုးမြင့်က ပြောသည်။
 
ရေအားလျှပ်စစ်စီမံကိန်းများ လျာထားခြင်း ရှိသော်လည်း အချိန်တိုတွင်း မပြီးစီးနိုင်သည့်အတွက် လက်ရှိ ကာလတွင် နိုင်ငံတော်က လျှပ်စစ် မဂ္ဂါဝပ် ၆၀ဝ ခန့် လိုအပ်နေပြီး လာမည့်နှစ်တွင် မဂ္ဂါဝပ် ၁၅၀ဝ ခန့် လိုအပ်လာမည်ဟု ဝန်ကြီးဌာနက ခန့်မှန်းထားသည်။

ယင်းလိုအပ်ချက်ကို ရေတိုကာလအတွင်း ရရှိနိုင်သည့် power plant  များ စီမံနေပြီး လက်ရှိတွင် မည်သည့် စီမံကိန်းများဖြင့် စီမံနေသည်ကို ချပြ၍ မရသေးကြောင်း ဦးစိုးမြင့်က ပြောသည်။

လျှပ်စစ်သည် အမြဲလိုအပ်နေပြီး နိုင်ငံအတွင်း လုပ်မည့်  စီမံကိန်းများသည်လည်း ရှေ့ဆက်လုပ်ဆောင်ရန် ဝန်ကြီးဌာနကအမျိုးမျိုးသော စိန်ခေါ်မှုများ ကြုံနေရကြောင်း၊ ထုတ်လုပ်ထားပြီးဖြစ်သော လျှပ်စစ်ကို သယ်ယူပို့ဆောင်ရန်အတွက်ကိုပင် မြေယာကန့်ကွက်ချက် များကြောင့် မသွယ်တန်းနိုင်သည်များ ရှိသည်ဟု ၎င်းက ပြောသည်။

"ရေအားလျှပ်စစ် ထုတ်မယ်ဆိုလည်း ပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိတယ်ဆိုပြီး ကန့်ကွက်တာတွေရှိတယ်။ ကျောက်မီးသွေးဆိုလည်း ကန့်ကွက်တာတွေရှိတော့ ကျွန်တော်တို့က ပြည်သူကို ဗဟိုပြုတဲ့ အစိုးရဖြစ်တဲ့အတွက် ပြည်သူရဲ့ လိုလားချက်ကို အခြေခံပေးမှာ"ဟု ၎င်းက ပြောသည်။

Region Read 52 times