၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ကဏ္ဍအနေဖြင့် ကျပ်ငွေ ၆၃၀ ဘီလျံအထိအရှုံးပေါ်နိုင်တယ်လို့ ခန့်မှန်းရ ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဖြစ်သူ ဒေါက်တာထွန်းနိုင်က ပြောခဲ့ပါတယ်။
၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်းမှာ စွမ်းအင်ထုတ်လုပ်ခြင်းနဲ့ ဖြန့်ဖြူးခြင်းကဏ္ဍဟာ ကျပ်ငွေ ၆၂၉.၉ ဘီလျံအထိ အရှုံးပေါ်နိုင်တယ်လို့ ဒေါက်တာထွန်းနိုင်က ပြည်ထောင်စုလွှတ်တော်အတွင်းမှာ ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါ တယ်။
မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍဟာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကျပ်ငွေ ၅၀၇.၉ ဘီလျံအရှုံးပေါ်ခဲ့ပြီး ခန့်မှန်း ထားတာထက် ကျပ်ငွေ ၁၀၀ ဘီလျံခန့် ပိုမိုလျော့နည်းခဲ့တယ်လို့ သူက ပြောခဲ့ပါတယ်။ အမျိုးသားလျှပ်စစ်ဓာတ်အားစနစ်စီမံကိန်း (NEP) ကို လက်ရှိအချိန်မှာ အကောင်အထည်ဖော်နေဆဲဖြစ်ပြီး အိမ်ထောင်စုတစ်စုချင်းစီရဲ့ ဓာတ်အားသုံးစွဲမှုဟာ တစ်ရိပ်ရိပ်တိုးတက်လာတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
လွန်ခဲ့သော ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့က အစိုးရသစ်အာဏာရရှိလာချိန်တွင် နိုင်ငံအတွင်းရှိ အမျိုးသား ဓာတ်အားပေးကွန်ရက်မှထုတ်လုပ်သော လျှပ်စစ်စွမ်းအင်များကို သုံးစွဲသည့်အိမ်ထောင်စုစာရင်းမှာ ၃၄ ရာခိုင်နှုန်းခန့်သာရှိခဲ့ပါတယ်။ ယခုအချိန်မှာတော့ ၄၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။
“၂နှစ်ကျော်ကာလအတွင်းမှာ ဓာတ်အားသုံးစွဲတဲ့အိမ်ထောင်စုစာရင်းဟာ ၆ ရာခိုင်နှုန်းလောက် တိုးတက်လာခဲ့ ပါတယ်။ လာမယ့် ၂နှစ်ခွဲအတွင်းမှာ ဒီ ၆ ရာခိုင်နှုန်းအတိုင်း ဆက်လက်တိုးတက်လာခဲ့မယ်ဆိုရင် ဓာတ်အား သုံးစွဲတဲ့ စုစုပေါင်းအိမ်ထောင်စုစာရင်းဟာ ၄၆ ရာခိုင်နှုန်းအထိ ရှိလာမှာဖြစ်ပါတယ်”
ဟု ဒေါက်တာထွန်းနိုင်က ပြောခဲ့ပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ လက်ရှိအစိုးရအာဏာသက်တမ်းကုန်ဆုံးချိန် ၂၀၂၀ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်းက စုစုပေါင်းအိမ်ထောင်စုရဲ့ ၅၅ ရာခိုင်နှုန်းထက်မနည်း လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ဖို့ မျှော်မှန်းထားပါတယ်။ မျှော်မှန်းထားသည့် ရည်မှန်းချက်အတိုင်း ကိုက်ညီနိုင်ဖို့အတွက် လျှပ်စစ်ဝန်ကြီးဌာနဟာ ၎င်းရဲ့ စွမ်းအင် အခြေခံအဆောက်အဦးများတည်ဆောက်ရေး ကုန်ကျစရိတ်များကို အဖြတ်အတောက်မရှိပဲ အပြည့်အဝရရှိဖို့ လွှတ်တော်ထဲမှာ တောင်းဆိုထားပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဟာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်းမှာ စွမ်းအင်ကဏ္ဍအတွက် ကျပ်ငွေ ၁.၈၆ ထရီလီယံအထိ အသုံးပြုသွားမှာဖြစ်ပြီး ယင်းကဏ္ဍမှဝင်ငွေ ကျပ် ၁.၂၂ ထရီလီယံသာ ရရှိထားသည့်အတွက် ယင်းကာလအတွင်းမှာ ကျပ်ငွေ ၆၃၀ ဘီလျံခန့် အရှုံးပေါ်မှာဖြစ်ပါတယ်။ ယင်းအရှုံးပေါ်သည့်ငွေများကို ကာမိစေရန်အတွက် လျှပ်စစ်စွမ်းအင်အသုံးစရိတ်များကို တိုးမြှင့်ကောက်ခံဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။