ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း(YEX) အပိုင်း(၁)အတွက်စိတ်ဝင်စားရင်းနှီးမြှုပ်နှံလိုသောကုမ္ပဏီများထဲမှ ဆန်ခါတင် အရည်အသွေးမီ လျှောက်လွှာ ၁၂ စောင်ရှိပြီး ကုမ္ပဏီက စုပေါင်း၍ လုပ်ငန်းစုအဖြစ် အများဆုံးတင်သွင်းကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါစီမံကိန်းကို တည် ဆောက်ရန် ပြည်တွင်းကုမ္ပဏီများ အပါအဝင် ၁၂ နိုင်ငံမှ ကုမ္ပဏီ ၅၃ ခုက ပြီးခဲ့သည့်ဇွန်လ၌ စိတ်ဝင်စားကြောင်း တင်ပြပြီး ထိုကုမ္ပဏီများအနက် တည်ဆောက်လို သည့်ကုမ္ပဏီများကို ကြိုတင်အရည်အချင်းစစ်နိုင်ရန် ဆန်ခါတင် အရည်အသွေးပြည့်မီမှု (RFQ) တင်ပြရန် ဆောက်လုပ်ရေးဝန် ကြီးဌာနက စက်တင်ဘာလဆန်း တွင် ဖိတ်ခေါ်ခဲ့သည်။
‘‘အခုတင်သွင်းတာ ကုမ္ပဏီ ဆိုတာထက် လုပ်ငန်းစုတွေဖြစ်တယ်။ ဒီဘက်က လိုချင်တဲ့ဟာ ကို ဖြည့်တင်းဖို့ ကုမ္ပဏီတွေက အချင်းချင်းစုပေါင်းပြီး လုပ်ငန်းစုအနေနဲ့ တင်ပြကြတာများတယ်။ စိတ်ဝင်စားမှု အရမ်းများတယ်’’
ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။
မိုးပျံအမြန်လမ်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့တို့ပူးပေါင်းပြီး Public Private Partnership(PPP)အစီအစဉ် ဖြင့် အကောင်အထည်ဖော်ရန်ဖြစ် သည်။ ထိုသို့အကောင်အထည် ဖော်ရန်ဆောက်လုပ်ရေးဝန်ကြီး ဌာနက IFC ကို အကြံပေးအဖွဲ့ငှား ထားသည်။ IFC က တင်ဒါရွေးချယ်ခြင်းနှင့် ဒီဇိုင်းရေးဆွဲမည့်အ ပိုင်းဆောင်ရွက်မည်ဟု ဦးကြည်ဇော်မြင့်က ပြောသည်။
ယခုအဆိုပြုလွှာတင်သွင်း သည့် ကုမ္ပဏီများတွင် နိုင်ငံတ ကာမှ နာမည်ကျော်ဆောက်လုပ် ရေးကုမ္ပဏီများပါဝင်ကာ ပြင်သစ်VINCI Highways ကုမ္ပဏီ၊ ကိုရီးယားကုမ္ပဏီခုနစ်ခု စုပေါင်းထားသည့် ကိုရီးယားလုပ်ငန်းစုက တစ်ခု၊ တရုတ် CCCC ကုမ္ပဏီ၊ ဂျပန် JFEE နှင့် Marubeni တို့ ပူးပေါင်းထားသည့် လုပ်ငန်းစု၊ ထိုင်း Bangkok Expressway၊ ဂျပန် Sumitomo နှင့် IHI၊ မြန်မာ ရွှေတောင်ကုမ္ပဏီတို့ပူးပေါင်း သည့် လုပ်ငန်းစု၊ တရုတ် CRIG_ CDL လုပ်ငန်းစု၊ တရုတ် Shang-hai Pengxin နှင့် ပြည်တွင်းမှ လိုင်စင်ရကန်ထရိုက်တာ အသင်းပေါင်းထားသည့် လုပ်ငန်းစု၊ ဖိလစ်ပိုင် Metro Pacific Tollways ကော်ပိုရေးရှင်း၊ တရုတ် CGGC နှင့် GGG လုပ်ငန်းစု၊ အီတာလျံ-ထိုင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ ပေါင်းထားသည့် လုပ်ငန်းစု၊ တရုတ်-မြန်မာပေါင်းထားသည့် Denso-CSCEC လုပ်ငန်းစု၊ တရုတ် Power Construction ကော်ပိုရေးရှင်းတို့ဖြစ်သည်။
ထိုသို့ ဆန်ခါတင်အရည်အ သွေးပြည့်မီမှုလျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီများသာ စီမံ ကိန်းအဆိုပြုတင်သွင်းခွင့်ရှိမည် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန က ကြေညာထားသည်။ ယခု လျှောက်လွှာတင်သည့် ကုမ္ပဏီ များအနက် အရည်အချင်းပြည့်မီ သူများကို ဒီဇင်ဘာလကုန်တွင် စီမံကိန်းအဆိုပြုလွှာဖိတ်ခေါ်ပြီး မေလ၌ ပြန်လည်တင်ပြရမည် ဖြစ်သည်။ ၂၀၁၉ ဇွန်လတွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ကြေညာမည်ဖြစ်သည်။
၄၇ ကီလိုမီတာကျော် (မိုင် ၃၀)ခန့်ရှိသော မိုးပျံအမြန်လမ်းမကြီးကို ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန် လမ်းများသို့ လွယ်ကူစွာ ချိတ်ဆက်သွားလာနိုင်ရန်ဖြစ်သည်ဟု ဝန်ကြီးဌာနက ဆိုသည်။