မြန်မာနိုင်ငံရှိ လမ်းစီမံကိန်းတွင် ပထမဆုံးအဖြစ် မိုးပျံလမ်းစီမံကိန်းကိုစတင်အကောင်ထည် ဖော်လျက်ရှိပြီး အစိုးရဘက်နှင့်ပုဂ္ဂလိကအပိုင်းတွင် နစ်နာမှုများမရှိစေရန် အဆင့်ဆင့်ဆွေးနွေးမှုများကြောင့် အနည်းငယ်ကြန့်ကြာနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းတည်ဆောက်ရေးမှ သိရသည်။
“ မြန်မာနိုင်ငံ မှာ လမ်းနဲ့ပတ်သတ်ပြီး အခုလို ပုဂ္ဂလိကအပိုင်းက ရင်းနှီးမြှပ်နှံးပြီး နှစ်ရှည်လုပ်တဲ့စီမံကိန်းက ဒါပထမဆုံးအကြိမ်ပါ နောက်ပိုင်းတည်ဆောက်မဲ့အပိုင်းနှစ်ဆိုရင်တော့မြန်သွားမယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနှ အင်ဂျင်နီယာမှုးကြီးဦးကြည်ဇော်မြင့်က ပြောသည်။
အဆိုပါမိုးပျံလမ်းစီမံကိန်းနှင့်ပတ်သတ်ပြီး လက်ရှိတွင် ဒုတိယအကြိမ်မူကြမ်းဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ အကြမ်းဖျင်းဒီဇိုင်းပုံစံများကို ဝန်ကြီးဌာနမှရေးဆွဲလျက်ရှိပြီး အသေးစိတ်ပုံစံနှင့် work teams တို့ကိုတင်ဒါ ဝင်ရောက်မည့်ကုမ္ပဏီဘက်မှရေးဆွဲရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။ လျှောက်လွှာ ၁၂ စောင်မှ အရည်အသွေးပြည့်မီသည့် ကုမ္ပဏီ ၁၀ ခုစာရင်းကို ၂၀၁၈ ဒီဇင်ဘာ ၅ ရက်က ကြေညာခဲ့ပြီး ကုမ္ပဏီ ၁၀ ခုတွင် ပြင်သစ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း-တရုတ်ဖက်စပ် ကုမ္ပဏီ၊ မြန်မာဖက်စပ်ကုမ္ပဏီများနှင့် တရုတ်ကုမ္ပဏီငါးခု ပါဝင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏စာရင်းများအရ သိရသည်။
စီမံကိန်းကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်သည့်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီးမိုးပျံလမ်းစီမံကိန်းအရှည် ၄၇ ဒသမ ၅ ကီလိုမီတာရှိမည်ဖြစ်ပြီး အပိုင်း ၁ အဖြစ် အရှေ့ဘက်အခြမ်း လေးလမ်းသွားလမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော လေးလမ်းသွား ခြောက်ကီလိုမီတာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာအရှည်ရှိမည်ဖြစ်ကြောင်း ဦးကြည်ဇော်မြင့် ကရှင်းပြသည်။
အဆိုပါစီမံကိန်းလုပ်ငန်းကိုလာမည့် ၂၀၂၀ ဇူလိုင်တွင် စတင်တည်ဆောက်ရန် စီစဉ်ထားပြီး ၂၀၂၃ ခုနှစ်အတွင်း ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။ စီမံကိန်း အပိုင်း ၂ ကိုဘုရင့်နောင်လမ်းဆုံဘက်မှ လေဆိပ်ဘက်သို့ချိတ်ဆက်ပြီး အပိုင်း ၁ နှင့် အပိုင်း ၂ နှစ်ခု ခွဲခြားဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။