မဟာဗျူဟာစီမံကိန်းများဆောင်ရွက်ရန် ယူရိုသန်း ၇ဝ ချေးယူရမည်


06 December, 2020

 ရန်ကုန်မြို့ ရေကြီး၊ ရေလျှံမှုနှင့် ယာဉ်ကြောကျပ်တည်းမှု လျော့နည်းစေမည့် မြစ်ကြောင်းတူးဖော်ရေး လုပ်ငန်းများ၊ မြို့ပြယဉ်ကျေးမှုထိန်းသိမ်းရေး မဟာဗျူဟာစီမံကိန်းများဆောင်ရွက်ရန် ယူရိုသန်း ၇၀ ချေးယူရမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လွှတ်တော်သို့ တင်ပြသည်။

        ယင်းချေးငွေကို ပြင်သစ်ဖွံ့ ဖြိုးတိုးတက်ရေးအေဂျင်စီ (AFD) မှ ချေးယူမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ စီမံဘဏ္ဍာဝန် ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက တင်ပြသည်။

        ယင်းချေးငွေများဖြင့် တိမ်ကောနေသည့် ငမိုးရိပ်ချောင်းနှင့် ပုဇွန်တောင်ချောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ပြီး မြစ်ကမ်းပါး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကာ ရန်ကုန်မြစ်မျက်နှာစာတွင် လည်း မြို့ပြဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်မည်ဟု ၎င်းကတင်ပြ သည်။

        ယင်းသို့ ဆောင်ရွက်ခြင်း အားဖြင့် ရေကြောင်းသွားလာမှု အဆင်ပြေချောမွေ့စေမည့်အ ပြင် ရန်ကုန်မြို့တွင်း မိုးရာသီရောက်တိုင်း နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ ရေလျှံမှုကိုလည်း လျှော့ချမည်ဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ရှင်းပြသည်။

        မြစ်ကြောင်းတူးဖော်မည့်အပြင် မြစ်ကြောင်းတစ်လျှောက် အချက်ပြ GPS စနစ်များလည်း တပ်ဆင်မည်ဖြစ်ပြီး ထိုသို့ တပ်ဆင်ခြင်းအားဖြင့် မြစ်ကြောင်း တစ်လျှောက် အန္တရာယ်ကင်းရှင်း စွာ သွားလာနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

        ခရီးသွားပြည်သူများ မြစ် ကြောင်းတစ်လျှောက် အဆင်ပြေ လွယ်ကူစွာ သွားနိုင်ခြင်းအားဖြင့် ရန်ကုန်မြို့တွင်း ကြုံတွေ့နေရ သည့် ယာဉ်ကြောကျပ်တည်းမှု ကို ဖြေရှင်းရန်လည်း အထောက်အကူဖြစ်စေမည်ဟု ဦးမောင် မောင်ဝင်းကဆိုသည်။

        မြစ်ကြောင်း အဆင့်မြှင့်တင် မှု လုပ်ငန်းများအပြင် မြို့ပြအင်္ဂါ ရပ်နှင့်အညီ ပုဇွန်တောင်ဈေး အဆင့်မြှင့်တင်ခြင်း၊ ဆိပ်ကမ်းသာ(ကျန်းမာရေး)အနီး ပန်းခြံတိုးချဲ့ခြင်းနှင့် အများပြည်သူ အပန်းဖြေ ဧရိယာပြုလုပ်ခြင်းကိုလည်း ပြင်သစ်နိုင်ငံမှ ချေးယူမည့်ချေးငွေဖြင့် ဆောင်ရွက်မည် ဖြစ်သည်။

        ယင်းအပြင် လမ်းမတော်ကမ်းနားတစ်လျှောက် အများပြည်သူ အပန်းဖြေနေရာပြုလုပ် ခြင်း၊ ကြည့်မြင်တိုင်ပန်းခြံ အဆင့်မြှင့်တင်ခြင်းနှင့် ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက တင်ပြသည်။

        အဆိုပါ လုပ်ငန်းစီမံကိန်း များကို ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာအကူအညီဟူ၍ ကဏ္ဍနှစ်ခုခွဲကာ ၂၀၁၉ မှ ၂၀၂၃ အထိ ငါးနှစ်အတွင်း အပြီးသတ်ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါချေး ငွေသည် ဆိုင်းငံ့ကာလ ခုနစ်နှစ်၊ ပြန်ဆပ်ကာလ ၁၈ နှစ် စုစုပေါင်း ၂၅ နှစ်ဖြစ်သည်။

Local Read 43 times