ရန်ကုန်မြို့ရှိ Excelsior Yangon ဟိုတယ်ကို မြို့ပြအမွေအနှစ် ထိန်းသိမ်းရေး အပြာရောင်ကမ္ပည်းပြား တပ်ဆင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိသူ ဒေါက်တာသန့်မြင့်ဦး ၏ပြောဆိုချက်အရ သိရသည်။
အဆိုပါဟိုတယ်သည် ရန်ကုန်မြို့ ဗိုလ်ဆွန်ပက်လမ်းပေါ်၌ တည်ရှိပြီး ထိန်းသိမ်း စောင့်ရှောက်ရမည့် ရှေးဟောင်း အဆောက်အအုံတစ်ခုအဖြစ် ပါဝင်နေသည်။ထို့ပြင် မဟာဗန္ဓုလလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ ဟိုတယ်နှင့် ခရီးသွား အဆောက်အအုံကိုလည်း အပြာရောင် ကမ္ပည်းပြားတပ်ဆင်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခြင်းသည် ရန်ကုန်မြို့ရှိ အမွေအနှစ် အဆောက်အအုံများနှင့် နေရာများ၌ ယင်းတို့နှင့် ဆက်စပ်သော သမိုင်းဝင်ပုဂ္ဂိုလ်များ၊ သမိုင်းဖြစ်ရပ်များကို ဖော်ပြပြီး မြို့၏အမှတ်အသားအဖြစ် တပ်ဆင်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် (၃၁) ခုမြောက် အပြာရောင်ကမ္ပည်းပြားကို ဆူးလေဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ Rosewood Yangon ဟိုတယ်၌ တပ်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။
''စီစဉ်ထားတာတော့ အဆောက်အအုံနှစ်ခုပါ။ ဘယ်အဆောက်အအုံကို အရင်ဆုံး ဆောင်ရွက်မယ်ဆိုတာတော့ မသိသေးဘူး။ ဒီစီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ပံ့ပိုးကူညီမှု၊ အလှူရှင်တွေရဲ့ ငွေကြေးနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ Phillips Corporationကလည်း အမေရိကန်ဒေါ်လာ ၇၅ဝဝဝ ကူညီထားပါတယ်။အပြာရောင် ကမ္ပည်းပြား တပ်ဆင်ပြီး ဘာကြောင့် ထိန်းသိမ်းစောင့်ရှောက် ရတာလဲဆိုတဲ့ သမိုင်းကြောင်းတွေကိုလည်း အများပြည်သူ လေ့လာနိုင်အောင် ထည့်သွင်းပေးထားပါတယ်'' ဟုဒေါက်တာသန့်မြင့်ဦး ကပြောသည်။
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အနေဖြင့် အပြာရောင် ကမ္ပည်းပြား တပ်ဆင်ရန် ကျန်ရှိနေသည့် နေရာများကို ဆက်လက် တပ်ဆင်ပေးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Source: Myawaddy