မြေပြင်လုပ်ငန်းများပင် မစတင်ရသေးသည့် အထပ်မြင့်စီမံကိန်း ၁၃၀ မှ ၁၂၃ လုံးကို စစ်ဆေးမှုများ ပြီးစီးသောကြောင့် လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန် ခွင့်ပြုလိုက်ကြောင်းသိရသည်။
ခွင့်ပြုရန်ကျန်သေးသည့် စီမံကိန်းခုနှစ်ခုအား ပြန်လည်ပြင်ဆင်ရန်နှင့် စစ်ဆေးမှုများလုပ်ဆောင်ရန် ကျန်ရှိနေသောကြောင့် ကြန့်ကြာနေခြင်းဖြစ်ကြောင်းသိရသည်။
စီမံကိန်းအများစုသည် ၁၀ ထပ်မှ အထပ် ၃၀ အထိဆောက်လုပ်မည့် စီမံကိန်းများဖြစ်ပြီး Golden City၊ ဗီယက်နမ်နိုင်ငံ၏ ဟောင်အင်းဂရီလာစီမံကိန်းအပိုင်း(၂)၊ MARGA LAND MARK နှင့် INNO City အစရှိသောစီမံကိန်းများပါဝင်ပါသည်။
ထိုအဆောက်အအုံများကို ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အုံဆောက်လုပ်မှု စိစစ်ရေးကော်မတီမှ စစ်ဆေးပြီးသောကြောင့် ကျန်ရှိသည့် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
ထိုအဆောက်အအုံများသည် ရန်ကုန်မြို့တော်စည်ပင်တွင် တည်ဆောက်ခွင့်များ ထပ်မံတင်ပြရမည် ဖြစ်ကြောင်းသိရသည်။
ယင်းစီမံကိန်းများသည် ၂၀၁၆ ခုနှစ်တည်းကလုပ်ငန်းစတင်ရန် စီစဉ်ထားသော စီမံကိန်းများပါဝင်ပြီး နောက်ပိုင်းစစ်ဆေးမှုများပြုလုပ်နေသောကြောင့် ကြန့်ကြာမှုများရှိနေခဲ့ခြင်းဖြစ်သည်။
ယခင်က ရန်ကုန်မြို့တွင် အသစ်တည်ဆောက်မည့် အဆောက်အအုံများနှင့် ဆောက်လုပ်ဆဲလုပ်ငန်းများကို အသစ်ဖြင့်သာ ခွင့်ပြုမည်ဟု သိရှိခဲ့ရသည်။
ထို့နောက်တွင် ယခုခွင့်ပြုပေးသည့်စီမံကိန်းများကို လက်ရှိကျင့်သုံးနေသည့်မူအတိုင်း စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ခွင့်ပြုမည်ဟု သိရသည်။
ရန်ကုန်တွင် အသစ်ထပ်မံတည်ဆောက်မည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များသည် ဌာနတွင် အမှုတွဲအသစ်(ဆောက်လုပ်ခွင့်လျှောက်ထားခြင်း) တင်ပြခြင်းကို ၂၀၁၆ ခုနှစ်နိုဝင်ဘာ ဒုတိယအပတ်တွင် ပြန်လည်ခွင့်ပြုနေပြီဖြစ်ကြောင်းသိရသည်။
Source:imyanmarhouse website